အင်္ဂုတ္တရနိကာယ်
(၇) ၂-ပတ္တကမ္မဝဂ်
၂-အာနဏျသုတ်
၆၂။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ဒါယကာ ကာမဂုဏ်ခံစားသော လူသည် သင့်လျော်သော အချိန်အခါကို စွဲ၍ ရအပ်သော ချမ်းသာ တို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေး မျိုးတို့နည်းဟူမူ— ရှိမှု ချမ်းသာ ‘အတ္တိသုခ’၊ သုံးဆောင်မှု ချမ်းသာ ‘ဘောဂသုခ’၊ ကြွေးမြီ မရှိမှု ချမ်းသာ ‘အာနဏျသုခ’၊ အပြစ်မရှိမှု ချမ်းသာ ‘အနဝဇ္ဇသုခ’တို့တည်း။
ဒါယကာ ရှိမှု ချမ်းသာဟူသည် အဘယ်နည်း၊ ဒါယကာ ဤလောက၌ အမျိုးကောင်းသားအား လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော၊ တရားနှင့် ယှဉ်ကုန်သော၊ တရားသဖြင့် ရအပ်ကုန်သော၊ ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့သည် ဖြစ်ကုန်၏။ ထို အမျိုးကောင်း သားသည် “လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော၊ တရားနှင့် ယှဉ်ကုန်သော၊ တရားသဖြင့် ရအပ်ကုန်သော၊ ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့သည် ငါ့အား ရှိ၏”ဟု ချမ်းသာမှုကို ရ၏၊ ဝမ်းမြောက်မှုကို ရ၏။ ဒါယကာ ဤသည်ကို ရှိမှု ချမ်းသာ ‘အတ္ထိသုခ’ဟု ဆိုအပ်၏။
ဒါယကာ သုံးဆောင်မှု ချမ်းသာဟူသည် အဘယ်နည်း၊ ဒါယကာ ဤလောက၌ အမျိုးကောင်းသားသည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော၊ တရားနှင့် ယှဉ်ကုန်သော၊ တရား သဖြင့် ရအပ်ကုန်သော၊ ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ကို သုံးဆောင်၏။ ယင်းတို့ဖြင့် ကောင်းမှုတို့ကိုလည်း ပြု၏၊ ထို အမျိုးကောင်းသားသည် “လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော၊ တရားနှင့် ယှဉ်ကုန်သော၊ တရားသဖြင့် ရအပ်ကုန်သော၊ ထကြွလုံ့လဖြင့် ရအပ် ကုန်သော စည်းစိမ်တို့ကို ငါသည် သုံးဆောင်ရ၏၊ ယင်းတို့ဖြင့် ကောင်းမှုတို့ကိုလည်း ပြုရ၏”ဟု ချမ်းသာမှုကို ရ၏၊ ဝမ်းမြောက်မှုကို ရ၏။ ဒါယကာ ဤသည်ကို သုံးဆောင်မှု ချမ်းသာ ‘ဘောဂသုခ’ဟု ဆိုအပ်၏။
ဒါယကာ ကြွေးမြီမရှိမှု ချမ်းသာဟူသည် အဘယ်နည်း၊ ဒါယကာ ဤလောက၌ အမျိုးကောင်း သားသည်နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသော ကြွေးမြီကို မပေးမဆပ်ရ၊ “နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တစ်စုံတစ်ယောက်သောသူအား တစ်စုံ တစ်ခုသော ကြွေးမြီကို ငါသည် မပေးဆပ်ရ”ဟု ချမ်းသာမှုကို ရ၏၊ ဝမ်းမြောက်မှုကို ရ၏။ ဒါယကာ ဤသည်ကို ကြွေးမြီမရှိမှုချမ်းသာ ‘ဘောဂ သုခ’ဟု ဆိုအပ်၏။
ဒါယကာ အပြစ်မရှိမှု ချမ်းသာဟူသည် အဘယ်နည်း၊ ဒါယကာ ဤလောက၌ အရိယာတပည့်သည် အပြစ်မရှိသော ကာယကံ ဝစီကံ မနောကံနှင့် ပြည့်စုံ၏၊ ထို အရိယာတပည့်သည် “ငါသည် အပြစ်မရှိသော ကာယကံ ဝစီကံ မနောကံနှင့် ပြည့်စုံ၏”ဟု ချမ်းသာမှုကို ရ၏၊ ဝမ်းမြောက်မှုကို ရ၏။ ဒါယကာ ဤသည်ကို အပြစ်မရှိမှုချမ်းသာ ‘အနဝဇ္ဇသုခ’ဟု ဆိုအပ်၏။ ဒါယကာ ကာမဂုဏ်ခံစားသော လူသည် သင့်လျော်သော အချိန်အခါကို စွဲ၍ ရအပ်သော ချမ်းသာတို့သည် ဤလေးမျိုးတို့တည်းဟု့ (မိန့်တော်မူ၏)။
သတ္တဝါသည် သုံးဆောင်မှုချမ်းသာကို ခံစားလျက် ကြွေးမြီမရှိမှုချမ်းသာ, ထိုမှတစ်ပါးရှိမှုချမ်းသာကိုလည်း သိ၍ ထို့နောက် ပညာဖြင့် အထူးရှု၏။ အထူးအားဖြင့် ရှုမြင်သော ကောင်းသော ပညာရှိသည် သုံးဆောင်မှု နှစ်မျိုး တို့ကို သိ၏၊ ဤချမ်းသာသုံးမျိုးသည် အပြစ်မရှိမှုချမ်းသာ၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ မမှီနိုင်ဖြစ်ပေသတည်း။
ဒုတိယသုတ်။