အင်္ဂုတ္တရနိကာယ်
(၁၆) ၁-သဒ္ဓမ္မဝဂ်
၇-ဒုက္ကထာသုတ်
၁၅၇။ ရဟန်းတို့ ပုဂ္ဂိုလ်ငါးမျိုးတို့အား ပြောအပ်သော စကားသည် ပုဂ္ဂိုလ်အစားစားကို လိုက်၍မကောင်းသော စကားဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ သဒ္ဓါတရားမရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား ဖြစ်၏။
သီလမရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
အကြားအမြင်နည်းပါးသူအား အကြားအမြင်များမှုနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
ဝန်တိုသူအား စွန့်ကြဲမှုနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
ပညာမရှိသူအား ပညာနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ့်ကြောင့် သဒ္ဓါတရားမရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်း သောစကားဖြစ်သနည်း။
ရဟန်းတို့ သဒ္ဓါတရားနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် သဒ္ဓါတရားမရှိသူသည် စိတ်နှလုံး၌ ငြိ၏၊ အမျက်ထွက်၏၊ ဖောက်ပြန်၏၊ အမျက်ထား၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားပြု၏။
ထိုသို့ ပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုသဒ္ဓါတရားနှင့် ပြည့်စုံခြင်းကို မိမိ၌ ကောင်းစွာ မမြင်၊ ထိုသဒ္ဓါတရား လျှင်အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို မရ။
ထို့ကြောင့် သဒ္ဓါတရားမရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား ဖြစ်၏။
ရဟန်းတို့ အဘယ်ကြောင့် သီလမရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်သနည်း။
ရဟန်းတို့ သီလနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် သီလမရှိသူသည် စိတ်နှလုံး၌ ငြိ၏၊ အမျက်ထွက်၏၊ ဖောက်ပြန်၏၊ အမျက်ထား၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားပြု၏။
ထိုသို့ ပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုသီလနှင့် ပြည့်စုံခြင်းကို မိမိ၌ ကောင်းစွာ မမြင်၊ ထိုသီလလျှင်အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို မရ။
ထို့ကြောင့် သီလမရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ်ကြောင့် အကြားအမြင်နည်းပါးသူအား အကြားအမြင်များခြင်းနှင့်စပ်သောစကားသည် မကောင်းသော စကားဖြစ်သနည်း။
ရဟန်းတို့ အကြားအမြင်များခြင်းနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် အကြားအမြင်နည်းပါး သူသည် စိတ်နှလုံး၌ ငြိ၏၊ အမျက်ထွက်၏၊ ဖောက်ပြန်၏၊ အမျက်ထား၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားပြု၏။
ထိုသို့ ပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုအကြားအမြင်နှင့် ပြည့်စုံခြင်းကို မိမိ၌ ကောင်းစွာ မမြင်၊ ထိုအကြားအမြင်လျှင် အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို မရ။
ထို့ကြောင့် အကြားအမြင်နည်းပါးသူအား အကြားအမြင်များခြင်းနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ်ကြောင့် ဝန်တိုသူအား စွန့်ကြဲမှုနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်သနည်း။
ရဟန်းတို့ စွန့်ကြဲမှုနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် ဝန်တိုသူသည် စိတ်နှလုံး၌ ငြိ၏၊ အမျက်ထွက်၏၊ ဖောက်ပြန်၏၊ အမျက်ထား၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားပြု၏။
ထိုသို့ ပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုစွန့်ကြဲမှုနှင့် ပြည့်စုံခြင်းကို မိမိ၌ ကောင်းစွာ မမြင်၊ ထိုစွန့်ကြဲမှုလျှင်အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို မရ။
ထို့ကြောင့် ဝန်တိုသူအား စွန့်ကြဲမှုနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ်ကြောင့် ပညာမရှိသူအား ပညာနှင့်စပ်သော စကားသည် မကောင်းသောစကားဖြစ်သနည်း။
ရဟန်းတို့ ပညာနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် ပညာမရှိသူသည် စိတ်နှလုံး၌ ငြိ၏၊ အမျက်ထွက်၏၊ ဖောက်ပြန်၏၊ အမျက်ထား၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားပြု၏။
ထိုသို့ ပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုပညာနှင့် ပြည့်စုံမှုကို မိမိ၌ ကောင်းစွာ မမြင်၊ ထိုပညာလျှင် အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို မရ။
ထို့ကြောင့် ပညာမရှိသူအား ပညာနှင့်စပ်သော စကားသည် မကောင်းသော စကားဖြစ်၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်ငါးမျိုးတို့အား ပြောအပ်သော စကားသည် ပုဂ္ဂိုလ်အစားစားကို လိုက်၍မကောင်းသော စကားဖြစ်၏။
ရဟန်းတို့ ပုဂ္ဂိုလ်ငါးမျိုးတို့အား ပြောအပ်သော စကားသည် ပုဂ္ဂိုလ်အစားစားကို လိုက်၍ ကောင်းသောစကားဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ သဒ္ဓါတရားရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
သီလရှိသူအား သီလနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
အကြားအမြင်များသူအား အကြားအမြင်များမှုနှင့်စပ်သော စကားသည် ကောင်းသော စကား ဖြစ်၏။
စွန့်ကြဲမှုရှိသူအား စွန့်ကြဲမှုနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
ပညာရှိသူအား ပညာနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ်ကြောင့် သဒ္ဓါတရားရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် ကောင်းသောစကားဖြစ်သနည်း။
ရဟန်းတို့ သဒ္ဓါတရားနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် သဒ္ဓါတရားရှိသူသည် စိတ်နှလုံး၌ မငြိ၊ အမျက်မထွက်၊ မဖောက်ပြန်၊ အမျက်မထား၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားမပြု။
ထိုသို့ မပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုသဒ္ဓါတရားနှင့် ပြည့်စုံခြင်းကို မိမိ၌ ကောင်းစွာ မြင်၏၊ ထိုသဒ္ဓါတရား လျှင်အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို ရ၏။
ထို့ကြောင့် သဒ္ဓါတရားရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ့်ကြောင့် သီလရှိသူအား သီလနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်သနည်း။
ရဟန်းတို့ သီလနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် သီလရှိသူသည် စိတ်နှလုံး၌ မငြိ၊ အမျက်မထွက်၊ မဖောက်ပြန်၊ အမျက်မထား၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားမပြု။
ထိုသို့ မပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုသီလနှင့် ပြည့်စုံမှုကို မိမိ၌ ကောင်းစွာ မြင်၏၊ ထိုသီလလျှင် အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို ရ၏။
ထို့ကြောင့် သီလရှိသူအား သီလနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ့်ကြောင့် အကြားအမြင်များသူအား အကြားအမြင်များမှုနှင့်စပ်သော စကားသည်ကောင်းသော စကားဖြစ်သနည်း။
ရဟန်းတို့ အကြားအမြင်များမှုနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် အကြားအမြင်များသူသည် စိတ်နှလုံး၌ မငြိ၊ အမျက်မထွက်၊ မဖောက်ပြန်၊ အမျက်မထား၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်း ကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားမပြု။
ထိုသို့ မပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုအကြားအမြင်များမှုနှင့် ပြည့်စုံခြင်းကို မိမိ၌ ကောင်းစွာ မြင်၏၊ ထိုအကြားအမြင်များမှုလျှင် အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို ရ၏။
ထို့ကြောင့် အကြားအမြင်များသူအား အကြားအမြင်များမှုနှင့်စပ်သော စကားသည် ကောင်းသောစကားဖြစ်၏။
ရဟန်းတို့ အဘယ့်ကြောင့် စွန့်ကြဲမှုရှိသူအား စွန့်ကြဲမှုနှင့်စပ်သော စကားသည် ကောင်းသောစကားဖြစ်သနည်း။
ရဟန်းတို့ စွန့်ကြဲမှုနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် စွန့်ကြဲမှုရှိသော သူသည်စိတ်နှလုံး၌ မငြိ၊ အမျက်မထွက်၊ မဖောက်ပြန်၊ အမျက်မထား၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားမပြု။
ထိုသို့ မပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ထိုစွန့်ကြဲမှုနှင့် ပြည့်စုံခြင်းကို မိမိ၌ ကောင်းစွာ မြင်၏၊ ထိုစွန့်ကြဲမှုလျှင်အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို ရ၏။
ထို့ကြောင့် စွန့်ကြဲမှုရှိသူအား စွန့်ကြဲမှုနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
ရဟန်းတို့ အဘယ်ကြောင့် ပညာရှိသူအား ပညာနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်သနည်း။
ရဟန်းတို့ ပညာနှင့်စပ်သော စကားကို ပြောဆိုအပ်သည်ရှိသော် ပညာရှိသူသည် စိတ်နှလုံး၌ မငြိ၊ အမျက်မထွက်၊ မဖောက်ပြန်၊ အမျက်မထား၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားမပြု။
ထိုသို့ မပြုခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။
ရဟန်းတို့ ထိုသူသည် ပညာနှင့် ပြည့်စုံမှုကို မိမိ၌ ကောင်းစွာ မြင်၏၊ ထိုပညာလျှင် အကြောင်းရှိသော နှစ်သက်ဝမ်းမြောက်မှုကို ရ၏။
ထို့ကြောင့် ပညာရှိသူအား ပညာနှင့်စပ်သော စကားသည် ကောင်းသော စကားဖြစ်၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်ငါးမျိုးတို့အား ပြောအပ်သော စကားသည် ပုဂ္ဂိုလ်အစားစားကို လိုက်၍ကောင်းသော စကားဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။