အင်္ဂုတ္တရနိကာယ်

၃-ပဉ္စင်္ဂ ိကဝဂ်

၁-ပဌမ အဂါရဝသုတ်

၂၁။ ရဟန်းတို့ ရိုသေမှု, တုပ်ဝပ်မှု, တူသောအသက်မွေးမှု မရှိသော ထိုရဟန်းသည် သီတင်းသုံးဖော်တို့၌ မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် စင်စစ်မရှိနိုင်ချေ။

မြတ်သော ကျင့်ဝတ်တရားကို မဖြည့်ကျင့်မူ၍ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကိုဖြည့်ကျင့်လိမ့်မည်ဟူသော ဤ အကြောင်းမျိုးသည် မရှိနိုင်။

ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို မဖြည့်ကျင့်မူ၍ သီလတို့ကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

သီလတို့ကို မဖြည့်ကျင့်မူ၍ မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ကို မဖြည့်ကျင့်မူ၍ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကိုဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

ရဟန်းတို့ ရိုသေမှု, တုပ်ဝပ်မှု, တူသောအသက်မွေးမှုရှိသော ထိုရဟန်းသည် သီတင်းသုံးဖော်တို့၌ မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤ အကြောင်းမျိုးသည် စင်စစ် ရှိနိုင်၏။

မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လတ်သော် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သောတရားကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤ အကြောင်းမျိုးသည် ရှိနိုင်၏။

ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို ဖြည့်ကျင့်လတ်သော် သီလတို့ကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

သီလတို့ကို ဖြည့်ကျင့်လတ်သော် မှန်ကန်သော အယူ’သမ္မာဒိဋ္ဌိ’ကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ကို ဖြည့်ကျင့်လတ်သော် မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကိုဖြည့်ကျင့်လိမ့်မည်ဟူသော ဤ အကြောင်းမျိုးသည် ရှိနိုင်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။