အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၆-ပဋိသမ္ဘိဒါပတ္တသုတ်

၈၆။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

အနက် (အကျိုး) တို့၌ ခွဲခြားဝေဖန်တတ်သော ဉာဏ် ‘အတ္ထပဋိသမ္ဘိဒါ’သို့ ရောက်၏။

ပါဠိ (အကြောင်း) တို့၌ ခွဲခြားဝေဖန်တတ်သော ဉာဏ် ‘ဓမ္မပဋိသမ္ဘိဒါ’သို့ ရောက်၏။

သဒ္ဒါတို့၌ ခွဲခြားဝေဖန်တတ်သော ဉာဏ် ‘နိရုတ္တိပဋိသမ္ဘိဒါ’သို့ ရောက်၏။

ရှေးဉာဏ်သုံးပါးတို့၌ ခွဲခြားဝေဖန်တတ်သော ဉာဏ် ‘ပဋိဘာနပဋိသမ္ဘိဒါ’သို့ ရောက်၏။

သီတင်းသုံးဖော်တို့၏ အဘယ်ကို ပြုရကုန်အံ့နည်းဟု (မေးမြန်း၍) ပြုအပ်သော အမှုကြီးငယ်တို့၌ လိမ္မာ၏၊ မပျင်းရိတတ်၊ ထိုအမှုကြီးငယ်တို့၌ အကြောင်းဖြစ်သော စုံစမ်းခြင်းပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။