အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၇-သီလဝန္တသုတ်
၈၇။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ’ဂေါစရ’နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကိုဆောက်တည်၍ ကျင့်၏။
အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွဖြစ်၍ အလုံးစုံပြည့်စုံစင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော တရားတို့ကို ထိုသူသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင်မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိ၏။
ကောင်းသော စကားရှိ၏၊ ကောင်းသော စကားမြွက်ဆိုသံရှိ၏၊ သန့်ရှင်းသော အပြစ်ကင်းသောအဓိပ္ပါယ် သိလွယ်သော ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏။
မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။
အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။