အင်္ဂုတ္တရနိကာယ်

၇-ဒေဝတာဝဂ်

၅-ဒေဝတာသုတ်

၆၉။ ထိုအခါ၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်သော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက်မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ —

“အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

မြတ်စွာဘုရား၌ ရိုသေမှု။

တရားတော်၌ ရိုသေမှု။

သံဃာတော်၌ ရိုသေမှု။

အကျင့်သိက္ခာ၌ ရိုသေမှု။

ဆိုဆုံးမလွယ်သော စကားရှိမှု။

အဆွေခင်ပွန်းကောင်း ရှိမှုတို့တည်း။

အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏”ဟု ထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ (ထိုသို့ လျှောက်ထားသော်) မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏၊ ထိုအခါ ထိုနတ်သားသည် “မြတ်စွာဘုရားသည် ငါ၏စကားကို နှစ်သက်လိုက်လျော တော်မူ၏”ဟု (သိ၍) မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင်ကွယ်ပျောက် လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့်လွန်သဖြင့် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏ —

ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ဦးသည် ညဉ့်ဦးယံလွန်သော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက့်ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် ငါ့အား ဤစကားကိုလျှောက်ထား၏ —

“အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

မြတ်စွာဘုရား၌ ရိုသေမှု။

တရားတော်၌ ရိုသေမှု။

သံဃာတော်၌ ရိုသေမှု။

အကျင့်သိက္ခာ၌ ရိုသေမှု။

ဆိုဆုံးမလွယ်သော စကားရှိမှု။

အဆွေခင်ပွန်းကောင်း ရှိမှုတို့တည်း။

အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏”ဟုထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ ဤစကားကို လျှောက်ထားပြီးလျှင် ငါ့ကို ရှိခိုးလျက်အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ရှိခိုးလျက် —

“အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော ဤတရားတော်၏အနက်ကို အကျွန်ုပ်သည် ဤသို့ အကျယ်အားဖြင့် သိပါ၏ —

အသျှင်ဘုရား ဤသာနာတော်၌ ရဟန်းသည် မိမိလည်း မြတ်စွာဘုရား၌ ရိုသေ၏၊ မြတ်စွာဘုရား၌ ရိုသေခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုလေ့ရှိ၏၊ မြတ်စွာဘုရား၌ မရိုသေကုန်သော အခြားရဟန်းတို့ကိုလည်း မြတ်စွာဘုရား၌ ရိုသေရန် ဆောက်တည်စေ၏၊ မြတ်စွာဘုရား၌ ရိုသေကုန်သောရဟန်းတို့၏ ဂုဏ်ကျေးဇူးကိုလည်း အဟုတ်အမှန် သင့်လျော်သောအခါ၌ ပြောဆို၏။

မိမိလည်း တရား၌ ရိုသေ၏။ပ။

မိမိလည်း သံဃာ၌ ရိုသေ၏။ပ။

မိမိလည်း အကျင့်သိက္ခာ၌ ရိုသေ၏။ပ။

မိမိလည်း ဆိုဆုံးမလွယ်သော စကားရှိ၏။ပ။

မိမိလည်း အဆွေခင်ပွန်းကောင်းရှိ၏၊ အဆွေခင်ပွန်းကောင်းရှိခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုလေ့ရှိ၏၊ အဆွေခင်ပွန်းကောင်း မရှိကုန်သော အခြားရဟန်းတို့ကိုလည်း အဆွေခင်ပွန်းကောင်းရှိရန်ဆောက်တည်စေ၏၊ အဆွေခင်ပွန်းကောင်း ရှိကုန်သော ရဟန်းတို့၏ ဂုဏ်ကျေးဇူးကိုလည်းအဟုတ်အမှန် သင့်လျော်သောအခါ၌ ပြောဆို၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော ဤတရားတော်၏အနက်ကို အကျွန်ုပ်သည် အကျယ်အားဖြင့် ဤသို့ သိပါ၏”ဟု လျှောက်၏။

သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ။

သာရိပုတြာ သင်သည် ငါ အကျဉ်းဟောအပ်သော ဤတရား၏ အနက်ကို ဤသို့ အကျယ်အားဖြင့်ကောင်းစွာ သိပေ၏။

သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် မိမိလည်း မြတ်စွာဘုရား၌ ရိုသေ၏၊ မြတ်စွာဘုရား၌ ရိုသေခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုလေ့ရှိ၏၊ မြတ်စွာဘုရား၌ မရိုသေကုန်သော အခြားရဟန်းတို့ကိုလည်း မြတ်စွာဘုရား၌ ရိုသေရန် ဆောက်တည်စေ၏၊ မြတ်စွာဘုရား၌ ရိုသေကုန်သောရဟန်းတို့၏ ဂုဏ်ကျေးဇူးကိုလည်း အဟုတ်အမှန် သင့်လျော်သော အခါ၌ ပြောဆို၏။

မိမိလည်း တရား၌ ရိုသေ၏။ပ။

မိမိလည်း သံဃာ၌ ရိုသေ၏။ပ။

မိမိလည်း အကျင့်သိက္ခာ၌ ရိုသေ၏။ပ။

မိမိလည်း ဆိုဆုံးမလွယ်သော စကားရှိ၏။ပ။

မိမိလည်း အဆွေခင်ပွန်းကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်း ရှိခြင်း၏ ဂုဏ်ကျေးဇူးကိုလည်းပြောဆိုလေ့ရှိ၏၊ အဆွေခင်ပွန်းကောင်း မရှိကုန်သော အခြားရဟန်းတို့ကိုလည်း အဆွေခင်ပွန်းကောင်းရှိရန် ဆောက်တည်စေ၏၊ အဆွေခင်ပွန်းကောင်း ရှိကုန်သော ရဟန်းတို့၏ ဂုဏ်ကျေးဇူးကိုလည်းအဟုတ်အမှန် သင့်လျော်သောအခါ၌ ပြောဆို၏။

သာရိပုတြာ ငါသည် အကျဉ်းအားဖြင့် ဟောကြားအပ်သော ဤတရား၏ အနက်ကို အကျယ်အားဖြင့်ဤသို့ မှတ်သားအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။