အင်္ဂုတ္တရနိကာယ်
၇-ဒေဝတာဝဂ်
၄-သင်္ဂဏိကာရာမသုတ်
၆၈။ ရဟန်းတို့ အပေါင်းအသင်း၌ မွေ့လျော်သော အပေါင်းအသင်း၌ ပျော်ပိုက်သော အပေါင်းအသင်း၌ မွေ့လျော်ခြင်းကို အဖန်ဖန်အားထုတ်သော၊ ဂိုဏ်း၌ မွေ့လျော်သော ဂိုဏ်း၌ ပျော်ပိုက်သောဂိုဏ်း၌ မွေ့လျော်ခြင်းကို အဖန်ဖန်အားထုတ်သော ထိုရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာ၌ မွေ့လျော်လိမ့်မည်ဟူသော အကြောင်းမျိုးသည် မရှိနိုင်ချေ၊ တစ်ယောက်တည်း ဆိတ်ငြိမ်ရာ၌ မမွေ့လျော်သူသည် စိတ်၏ (သမာဓိ, ဝိပဿနာဟူသော) အကြောင်းကို ယူနိုင်လိမ့်မည်ဟူသော အကြောင်းမျိုးသည်မရှိနိုင်ချေ၊ စိတ်၏ (သမာဓိ, ဝိပဿနာဟူသော) အကြောင်းကို မယူသူသည် မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ ကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော အကြောင်းမျိုးသည် မရှိနိုင်ချေ၊ မှန်ကန်သော အမြင် ့‘သမ္မာဒိဋ္ဌိ’ ကို မဖြည့်ဆည်းပူးမူ၍ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော အကြောင်းမျိုးသည် မရှိနိုင်ချေ၊ သမ္မာသမာဓိကို မဖြည့်ဆည်းပူးသူသည် သံယောဇဉ်တို့ကိုပယ်စွန့်လိမ့်မည်ဟူသော အကြောင်းမျိုးသည် မရှိနိုင်ချေ၊ နှောင်ကြိုး ‘သံယောဇဉ်’ တို့ကို မပယ်စွန့်မူ၍နိဗ္ဗာန်ကို မျက်မှောက်ပြုလိမ့်မည်ဟူသော အကြောင်းမျိုးသည် မရှိနိုင်ချေ။
ရဟန်းတို့ အပေါင်းအသင်း၌ မမွေ့လျော်သော အပေါင်းအသင်း၌ မပျော်ပိုက်သော အပေါင်း အသင်း၌ မွေ့လျော်ခြင်းကို အဖန်ဖန်အားမထုတ်သော၊ ဂိုဏ်း၌ မမွေ့လျော်သော ဂိုဏ်း၌ မပျော်ပိုက်သော ဂိုဏ်း၌ မွေ့လျော်ခြင်းကို အဖန်ဖန်အားမထုတ်သော ထိုရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာ၌ မွေ့လျော်လိမ့်မည်ဟူသော အကြောင်းမျိုးသည် ရှိနိုင်၏၊ တစ်ယောက်တည်း ဆိတ်ငြိမ်ရာ၌ မွေ့လျော်သူသည် စိတ်၏ (သမာဓိ, ဝိပဿနာဟူသော) အကြောင်းကို ယူနိုင်လိမ့်မည်ဟူသော အကြောင်းမျိုးသည်ရှိနိုင်၏၊ စိတ်၏ (သမာဓိ, ဝိပဿနာဟူသော) အကြောင်းကို ယူသူသည် မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ ကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော အကြောင်းမျိုးသည် ရှိနိုင်၏၊ မှန်ကန်သော အမြင်’သမ္မာဒိဋ္ဌိ’ ကို ဖြည့်ဆည်းပူးသည်ရှိသော် မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ဖြည့်ဆည်းပူးလိမ့်မည်ဟူသော အကြောင်းမျိုးသည် ရှိနိုင်၏၊ သမ္မာသမာဓိကို ဖြည့်ဆည်းပူးသည်ရှိသော် (သံယောဇဉ်) တို့ကို ပယ်စွန့်နိုင်လိမ့်မည်ဟူသော အကြောင်းမျိုးသည် ရှိနိုင်၏၊ သံယောဇဉ်တို့ကို ပယ်စွန့်နိုင်သည်ရှိသော် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည်ဟူသော အကြောင်းမျိုးသည် ရှိနိုင်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။