အင်္ဂုတ္တရနိကာယ်

၇-ဒေဝတာဝဂ်

၈-ဗလသုတ်

၇၂။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သမာဓိ၌ အားရှိသည်၏ အဖြစ်သို့ရောက်ရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

သမာဓိကို ဝင်စားမှု၌ မလိမ္မာ။

သမာဓိ၏ တည်မှု၌ မလိမ္မာ။

သမာဓိမှ ထမှု၌ မလိမ္မာ။

ကောင်းစွာ ပြုအပ်သည်ကိုလည်း ပြုလေ့မရှိ။

အမြဲပြုခြင်းလည်း မရှိ။

လျောက်ပတ်သည်ကိုလည်း ပြုလေ့မရှိ။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သမာဓိ၌ အားရှိသည်၏ အဖြစ်သို့ရောက်ရန် မထိုက်။

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သမာဓိ၌ အားရှိသည်၏ အဖြစ်သို့ရောက်ရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

သမာဓိကို ဝင်စားမှု၌ လိမ္မာ၏။

သမာဓိ၏ တည်မှု၌ လိမ္မာ၏။

သမာဓိမှ ထမှု၌ လိမ္မာ၏။

ကောင်းစွာ ပြုအပ်သည်ကိုလည်း ပြုလေ့ရှိ၏။

အမြဲပြုခြင်းလည်း ရှိ၏။

လျောက်ပတ်သည်ကိုလည်း ပြုလေ့ရှိ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သမာဓိ၌ အားရှိသည်၏ အဖြစ်သို့ရောက်ရန် ထိုက်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။