သံယုတ္တနိကာယ်—၁
၄—သတုလ္လပကာယိကဝဂ်
၁—သဗ္ဘိသုတ်
၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော် ကောင်းတရားကို ဟောပြော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ညဉ့်ဦးယမ်လွန်ပြီးသော (သန်းခေါင်းယမ်) အချိန်၌ ဇေတဝန် တစ်ကျောင်းလုံးကို (ကိုယ်ရောင် ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ကြကုန်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီး သော နတ်သားတစ်ဦးသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသော လားရာ (သုဂတိ) ဘဝသို့ ရောက်ရကုန်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် “မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို အပ်သည် မည်ပါသနည်း”ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ (စကားကို)လည်း နာကြ ကုန်လော့ —
“သူတော် ကောင်းတို့ နှင့် သာလျှင် ပေါင်း ဖော် ရာ၏၊ သူတော် ကောင်းတို့ နှင့် ပေါင်း ဖော်ခြင်း ကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံ သော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏”ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုနတ်တို့သည် နှစ်သက်ကုန်သည် ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေကုန်သတည်း။