သံယုတ္တနိကာယ်—၁၂
၂—အာဟာရဝဂ်
၆—ဓမ္မကထိကသုတ်
၁၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား ကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တရားဟောသူ ‘ဓမ္မကထိက’ တရားဟောသူ ‘ဓမ္မကထိက’ဟူ၍ ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် တရားဟောသူ ‘ဓမ္မကထိက’ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ရဟန်း အကယ်၍ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် တရား ဟောခဲ့မူ “တရားဟောသူ ‘ဓမ္မကထိက’ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း အကယ်၍ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ကျင့်ခဲ့မူ “တရားအား လျော်သော အကျင့်ကို ကျင့်သော ရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်းကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်မြောက်သည် ဖြစ် ခဲ့မူ “မျက်မှောက်ဘဝ၌ နိဗ္ဗာန်သို့ ရောက်သော ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏။
ရဟန်း ပဋိသန္ဓေနေမှု ‘ဇာတိ’ကို။ပ။ ဘဝကို။ စွဲလမ်းမှု ‘ဥပါဒါန်’ကို။ တပ်မက်မှု ‘တဏှာ’ကို။ ခံစားမှု ‘ဝေဒနာ’ကို။ တွေ့ထိမှု ‘ဖဿ’ကို။ တည်ရာ ‘အာယတန’ ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု ‘ဝိညာဏ်’ကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို။ ရဟန်း မသိမှု ‘အဝိဇ္ဇာ’ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန့်ချုပ်ငြိမ်းရန် တရား ဟောခဲ့မူ “တရားဟောသူ ‘ဓမ္မကထိက’ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း မသိမှု ‘အဝိဇ္ဇာ’ကို ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ငြိမ်းရန် ကျင့်ခဲ့မူ “တရားအား လျော်သော အကျင့်ကို ကျင့်သော ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏၊ ရဟန်း မသိမှု ‘အဝိဇ္ဇာ’ကို ငြီးငွေ့ခြင်းကြောင့် တပ်မက်မှုကင်းခြင်းကြောင့် ချုပ်ငြိမ်းခြင်း ကြောင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်မြောက်သူ ဖြစ်ခဲ့မူ “မျက်မှောက်ဘဝ၌ နိဗ္ဗာန်သို့ ရောက် သော ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏။
ဆဋ္ဌသုတ်။