သံယုတ္တနိကာယ်—၁၄
၃—ကမ္မပထဝဂ်
၃—ပဉ္စသိက္ခာပဒသုတ်
၁ဝ၉။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ သူ့အသက်ကို သတ်လေ့ရှိကုန်သော သူတို့သည် သူ့ အသက်ကို သတ်လေ့ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မပေးသည်ကို ခိုးယူလေ့ရှိကုန်သော သူတို့သည် မပေးသည်ကို ခိုးယူလေ့ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိသော သူတို့သည် ကာမတို့၌ မှား သောအားဖြင့် ကျင့်လေ့ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မဟုတ်မမှန် ပြောလေ့ရှိသူတို့သည် မဟုတ်မမှန် ပြောလေ့ရှိသူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယစ်မူးမေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်လေ့ရှိသော သူတို့သည် ယစ်မူးမေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်လေ့ရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။
သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်သော သူတို့သည် သူ့အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ မပေးသည်ကို ခိုးယူခြင်းမှ ကြဉ်ရှောင် ကုန်သော သူတို့သည် မပေးသည်ကို ခိုးယူခြင်းမှ ကြဉ်ရှောင်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်ကုန်သော သူတို့သည် ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ကြဉ်ရှောင်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသား တည်း ဖြစ်ကုန်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့သည် မဟုတ်မမှန် ပြောဆိုခြင်းမှ ကြဉ်ရှောင်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယစ်မူးမေ့လျော့ကြောင်း ဖြစ် သော သေအရက်ကို သောက်ခြင်းမှ ကြဉ်ရှောင်ကုန်သော သူတို့သည် ယစ်မူးမေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်ခြင်းမှ ကြဉ်ရှောင်ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။
တတိယသုတ်။