သံယုတ္တနိကာယ်—၁၇

၄—စတုတ္ထဝဂ်

၅—အစိရပက္ကန္တသုတ်

၁၈၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် (သင်းခွဲ) ထွက်သွား၍ မကြာမြင့်မီ ရာဇဂြိုဟ် ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်း ပြု၍ ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ မိမိကိုယ်ကို သတ်ခြင်းငှါ ဒေဝဒတ်အား လာဘ်ပူဇော်သကာ အကျော်အစောသည် ဖြစ်ခဲ့၏၊ ပျက်စီးခြင်းငှါ ဒေဝဒတ်အား လာဘ်ပူဇော်သကာ အကျော်အစောသည် ဖြစ် ခဲ့၏။

ရဟန်းတို့ ငှက်ပျောပင်သည် မိမိကိုယ်ကို သတ်ခြင်းငှါ အသီးကို သီးပေးရသကဲ့သို့ ပျက်စီးခြင်းငှါ အသီးကို သီးပေးရသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် မိမိကိုယ်ကို သတ်ခြင်းငှါ ဒေဝဒတ်အား လာဘ် ပူဇော်သကာ အကျော်အစောသည် ဖြစ်ခဲ့၏၊ ပျက်စီးခြင်းငှါ ဒေဝဒတ်အား လာဘ်ပူဇော်သကာ အကျော် အစောသည် ဖြစ်ခဲ့၏။

ရဟန်းတို့ ဝါးပင်သည် မိမိကိုယ်ကို သတ်ခြင်းငှါ အသီးကို သီးပေးရသကဲ့သို့ ပျက်စီးခြင်းငှါ အသီးကို သီးပေးရသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် မိမိကိုယ်ကို သတ်ခြင်းငှါ ဒေဝဒတ်အား လာဘ် ပူဇော်သကာ အကျော်အစောသည် ဖြစ်ခဲ့၏၊ ပျက်စီးခြင်းငှါ ဒေဝဒတ်အား လာဘ်ပူဇော်သကာ အကျော် အစောသည် ဖြစ်ခဲ့၏။

ရဟန်းတို့ ကျူပင်သည် မိမိကိုယ်ကို သတ်ခြင်းငှါ အသီးကို သီးပေးရသကဲ့သို့ ပျက်စီးခြင်းငှါ အသီးကို သီးပေးရသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် မိမိကိုယ်ကို သတ်ခြင်းငှါ ဒေဝဒတ်အား လာဘ် ပူဇော်သကာ အကျော်အစောသည် ဖြစ်ခဲ့၏၊ ပျက်စီးခြင်းငှါ ဒေဝဒတ်အား လာဘ်ပူဇော်သကာ အကျော် အစောသည် ဖြစ်ခဲ့၏။

ရဟန်းတို့ အဿတိုရ်မြင်းမသည် မိမိကိုယ်ကို သတ်ခြင်းငှါ ကိုယ်ဝန်ကို ယူသကဲ့သို့ ပျက်စီးခြင်းငှါ့ကိုယ်ဝန်ကို ယူရသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် မိမိကိုယ်ကို သတ်ခြင်းငှါ ဒေဝဒတ်အား လာဘ် ပူဇော်သကာ အကျော်အစောသည် ဖြစ်ခဲ့၏၊ ပျက်စီးခြင်းငှါ ဒေဝဒတ်အား လာဘ်ပူဇော်သကာ အကျော် အစောသည် ဖြစ်ခဲ့၏။

ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ရဟန်းတို့ ဤသို့ လျှင် သင်တို့ ကျင့်ရမည်၊ မြတ်စွာဘုရားသည် ဤစကားတော်ကို ဟောတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ ပြီး၍ ထို့ပြင်တစ်ပါး ဤဂါထာကို ဟောတော်မူ၏—

“စင်စစ်အားဖြင့် ငှက်ပျောသီးသည် ငှက်ပျောပင်ကို သတ်သကဲ့သို့ ဝါးသီးသည် ဝါးပင်ကို သတ်သကဲ့သို့ ကျူသီးသည် ကျူပင်ကို သတ်သကဲ့သို့ အဿတိုရ်မြင်းမ၏ ကိုယ်ဝန်သည် မြင်းမကို သတ်သကဲ့သို့ ထို့အတူ ပူဇော်သကာ အကျော်အစော သည် ယောကျာ်းယုတ်ကို သတ်၏”ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။