သံယုတ္တနိကာယ်—၁၇

၄—စတုတ္ထဝဂ်

၆—ပဉ္စရထသတသုတ်

၁၈၅။ ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ အဇာတသတ်မင်းသားသည် ရထားငါးရာတို့ဖြင့် ညဉ့်နံနက်တိုင်း ဒေဝဒတ်အား ဆည်း ကပ်ရန် သွား၏၊ ပို့ဆွမ်း ဆွမ်းအိုးငါးရာတို့ကို ပို့၏၊ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား အဇာတသတ်မင်းသည် ငါးရာသော ရထားတို့ဖြင့် ညဉ့်နံနက်တိုင်း ဒေဝဒတ်အား ဆည်းကပ်ရန် သွားပါ၏၊ ပို့ဆွမ်း ဆွမ်းအိုးငါးရာတို့ကို ပို့ပါ၏”ဟု လျှောက်ကုန်၏။ ရဟန်းတို့ ဒေဝဒတ်၏ လာဘ်ပူဇော်သကာ အကျော်အစောတို့ကို မမြတ်နိုးကုန်လင့်။ ရဟန်းတို့ အကြင်မျှလောက် အဇာတသတ်မင်းသည် ငါးရာသော ရထားတို့ဖြင့် ညဉ့်နံနက်တိုင်း ဒေဝဒတ် အား ဆည်းကပ်လတ္တံ့၊ ပို့ဆွမ်း ဆွမ်းအိုးငါးရာတို့ကို ပို့လတ္တံ့။ ရဟန်းတို့ ထိုမျှလောက် ဒေဝဒတ်အား ကုသိုလ်တရားတို့၌ ဆုတ်ယုတ်ခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ကြီးပွားခြင်းကို မမျှော်လင့်အပ်။

ရဟန်းတို့ ကြမ်းသော ခွေး၏ နှာခေါင်း၌ ငါးစသည်၏ သည်းခြေကို ထည့်ကုန်ရာ၏၊ ဤသို့ ပြု သည်ရှိသော် ထိုခွေးသည် အတိုင်းထက်အလွန် ကြမ်းတမ်းသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် အကြင်မျှ လောက် အဇာတသတ်မင်းသည် ငါးရာသော ရထားတို့ဖြင့် ညဉ့်နံနက်တိုင်း ဒေဝဒတ်အား ဆည်းကပ်ရန် သွားလတ္တံ့၊ ပို့ဆွမ်း ဆွမ်းအိုးငါးရာတို့ကို ပို့လတ္တံ့။ ရဟန်းတို့ ထိုမျှလောက် ဒေဝဒတ်အား ကုသိုလ် တရားတို့၌ ဆုတ်ယုတ်ခြင်းကိုသာလျှင် (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ကြီးပွားခြင်းကို မမျှော် လင့်အပ်။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ဆဋ္ဌသုတ်။