သံယုတ္တနိကာယ်—၂၄
၃—တတိယဂမနဝဂ်
၁—န ဝါတသုတ်
၂၅ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ ကိုယ်ဝန်ဆောင်တို့သည်မဖွားကုန်၊ လနေတို့သည် မထွက်ကုန်၊ မဝင်ကုန်၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏ “ဟု ဤသို့သော အယူသည် ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာအရင်းခံ ရှိပါကုန်၏။ပ။
ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်။ပ။ “ဟု ဤသို့သော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင်ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “လေတို့သည် မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့တည်ကုန်၏ “ဟု ဤသို့သော အယူသည် ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲမပြုခဲ့မူ “လေတို့သည် မတိုက်ကုန်။ပ။ တံခါး တိုင်ကဲ့သို့ တည်ကုန်၏ “ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင်ဘုရား။ ရဟန်းတို့ ဤသို့ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲရှိလျှင် ထိုဆင်းရဲကို အစွဲပြု၍ “လေတို့သည် မတိုက်ကုန်၊ မြစ်တို့သည် မစီးကုန်၊ကိုယ်ဝန်ဆောင်တို့သည် မဖွားကုန်၊ လနေတို့သည်မထွက်ကုန်၊ မဝင်ကုန်၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏ “ဟု ဤသို့သော အယူသည် ဖြစ်၏။
ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက် ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲ မပြုခဲ့မူ “လေတို့သည်မတိုက်ကုန်။ပ။ ခိုင်မြဲသော တံခါးတိုင် ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည်ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ရဟန်းတို့ ဤသို့ မမြဲသော ဝိညာဏ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲရှိလျှင် ထိုဆင်းရဲကို အစွဲပြု၍ “လေတို့သည် မတိုက်ကုန်။ပ။ တံခါးတိုင်ကဲ့သို့ တည်ကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်၏ဟု (မိန့်တော် မူ၏)။
ပဌမသုတ်။