သံယုတ္တနိကာယ်—၃၅

(၁၉) ၄—အာသီဝိသဝဂ်

၁၁—ယဝကလာပိသုတ်

၂၄၈။ ရဟန်းတို့ ဥပမာသော်ကား မုယောကောက်လှိုင်းကို လမ်းလေးခွ၌ ချထားရာ၏၊ ထို့နောက်ယောကျာ်းခြောက်ယောက်တို့သည် ထမ်းပိုးများကို ကိုင်ဆောင်လျက် ရောက်လာကြကုန်ရာ၏၊ ထိုသူတို့သည် မုယောကောက်လှိုင်းကို ထမ်းပိုးခြောက်ချောင်းတို့ဖြင့် ရိုက်ပုတ်ကုန်ရာ၏၊ ရဟန်းတို့ ဤသို့လျှင်ထိုမုယောကောက်လှိုင်းသည် ထမ်းပိုးခြောက်ချောင်းတို့ဖြင့် ရိုက်ပုတ်အပ်သည် ဖြစ်ရကား ကောင်းစွာရိုက်ပုတ်ပြီး ဖြစ်ရာ၏။ ထို့နောက် ခုနစ်ယောက်မြောက် ယောကျာ်းသည် ထမ်းပိုးကို ကိုင်ဆောင်လျက်ရောက်လာပြန်ရာ၏၊ ထိုသူသည် ထိုမုယောကောက်လှိုင်းကို ထိုခုနစ်ခုမြောက် ထမ်းပိုးဖြင့် ရိုက်ပုတ်ပြန်ရာ၏၊ ရဟန်းတို့ ဤသို့လျှင် ထိုမုယောကောက်လှိုင်းသည် ခုနစ်ခုမြောက် ထမ်းပိုးဖြင့် ရိုက်ပုတ်အပ်သည်ဖြစ်ရကား အတိုင်းထက်အလွန် ရိုက်ပုတ်ပြီး ဖြစ်ရာ၏။

ရဟန်းတို့ ဤအတူပင် အကြားအမြင် မရှိသော ပုထုဇဉ်ကို နှစ်သက်ဖွယ် မနှစ်သက်ဖွယ်သောအဆင်းတို့သည် မျက်စိ၌ ရိုက်ပုတ်အပ်၏။ပ။ နှစ်သက်ဖွယ် မနှစ်သက်ဖွယ်သော အရသာတို့သည် လျှာ၌ ရိုက်ပုတ်အပ်၏။ပ။ နှစ်သက်ဖွယ် မနှစ်သက်ဖွယ်သော သဘောတရားတို့သည် စိတ်၌ ရိုက်ပုတ်အပ်၏။ပ။ ရဟန်းတို့ ထိုအကြားအမြင် မရှိသော ပုထုဇဉ်သည် နောက်အခါ ဘဝသစ်အတွက် အားထုတ်ခဲ့ပါမူရဟန်း တို့ ဤသို့ အားထုတ်သည်ရှိသော် ခုနစ်ခုမြောက် ထမ်းပိုးဖြင့် ရိုက်ပုတ်အပ်သောထိုမုယောကောက်လှိုင်း ကဲ့သို့ ထိုအချည်းနှီးသော ယောကျာ်းသည် အတိုင်းထက်အလွန် ရိုက်ပုတ်အပ်ပြီးဖြစ်တော့၏။

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား နတ် အသုရာတို့၏ စစ်ပွဲသည် ရင်ဆိုင်ချီတက်ဖူးပြီ။ ရဟန်းတို့ထိုအခါ ဝေပစိတ္တိအသုရိန်သည် အသုရာတို့ကို မိန့်ဆို၏— “အချင်းတို့ နတ်နှင့် အသုရာတို့ စစ်ပွဲသည်ရင်ဆိုင်မိသည်ရှိသော် အသုရာတို့ နိုင်၍ နတ်တို့ ရှုံးခဲ့ကုန်မူ ထိုနတ်တို့အရှင် သိကြားမင်းကို လည်ပင်းလျှင် ငါးခုမြောက် အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့၍ အသုရာပြည် ငါ့ထံသို့ ဆောင်ခဲ့ကြကုန်လော့”ဟုဆို၏။ ရဟန်းတို့ နတ်တို့အရှင် သိကြားမင်းသည်လည်း တာဝတိံသာနတ်တို့ကို မိန့်ဆို၏— “အချင်းတို့နတ်နှင့် အသုရာတို့ စစ်ပွဲသည် ရင်ဆိုင်မိသည်ရှိသော် နတ်တို့ နိုင်၍ အသုရာတို့ ရှုံးခဲ့ကုန်မူ့ထိုဝေပစိတ္တိအသုရိန် ကို လည်ပင်းလျှင် ငါးခုမြောက် အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့၍ သုဓမ္မာနတ်သဘင်ငါ့ထံသို့ ဆောင်ခဲ့ကြကုန် လော့”ဟု ဆို၏။ ရဟန်းတို့ ထိုစစ်ပွဲ၌ နတ်တို့ နိုင်ကုန်၍ အသုရာတို့ရှုံးကုန်၏၊ ရဟန်းတို့ ထိုအခါ တာဝတိံသာနတ်တို့သည် ဝေပစိတ္တိအသုရိန်ကို လည်ပင်းလျှင်ငါးခုမြောက် အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့၍ သုဓမ္မာနတ်သဘင်ဝယ် နတ်တို့အရှင် သိကြားမင်းထံသို့ဆောင်ယူလာကြကုန်၏၊ ရဟန်းတို့ ထိုအခါ သုဓမ္မာနတ်သဘင်ဝယ် ဝေပစိတ္တိအသုရိန်သည်လည်ပင်းလျှင် ငါးခုမြောက် အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ခံ နေရ၏။ ရဟန်းတို့ အကြင်အခါဝေပစိတ္တိအသုရိန်အား “နတ်တို့ကား တရားကုန်၏၊ အသုရာတို့ကား မတရားကုန်၊ ယခု ငါသည်နတ်ပြည်သို့ ရောက်ရပေ၏ “ဟု ဤသို့သော အကြံအစည် ဖြစ်၏။ ထိုအခါ လည်ပင်းလျှင် ငါးခုမြောက်အနှောင်အဖွဲ့တို့မှ မိမိ လွတ်မြောက်နေသည်ကို တွေ့မြင်ရ၏၊ နတ်၌ ဖြစ်သော ငါးမျိုးသောကာမဂုဏ်တို့ဖြင့် ကုံလုံပြည့်စုံသည် ဖြစ်၍ ပျော်ရပေ၏၊ ခံစားရပေ၏။ ရဟန်းတို့ အကြင် အခါ၌ ဝေပစိတ္တိအသုရိန်အား “အသုရာတို့ကား တရားကုန်၏၊ နတ်တို့ကား မတရားကုန်၊ ယခု ငါသည်အသုရာပြည်သို့သာ သွားအံ့”ဟု ဤသို့သော အကြံအစည် ဖြစ်၏။ ထိုအခါ လည်ပင်းလျှင် ငါးခုမြောက်အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ထားသော မိမိကိုယ်ကို တွေ့မြင်ရ၏၊ နတ်၌ ဖြစ်သော ငါးမျိုးသော ကာမဂုဏ်တို့မှလည်း ယုတ်လျော့သွား၏။ ရဟန်းတို့ ဝေပစိတ္တိ ခံနေရသော အနှောင်အဖွဲ့သည် ထိုမျှလောက်သိမ်မွေ့လှ၏၊ မာရ်၏ အနှောင်အဖွဲ့ကား ထို့ထက်ပင် သာလွန် သိမ်မွေ့သေး၏။ ရဟန်းတို့ အထင်မှားသူသည် မာရ်၏ အနှောင့်အဖွဲ့ ခံရ၏၊ အထင် မမှားသူသည် မာရ်မှ လွတ်မြောက်၏။

ရဟန်းတို့ “ငါ ဖြစ်ဖူး၏”ဟူသော ဤအထင်သည် အထင်မှားတည်း၊ “ ဤကား ငါ ဖြစ်၏”ဟူသော ဤအထင်သည် အထင်မှားတည်း၊ “ငါ ဖြစ်ရလိမ့်ဦးမည်”ဟူသော ဤအထင်သည် အထင်မှားတည်း၊ “ငါဖြစ်ရလိမ့်မည် မဟုတ်”ဟူသော ဤအထင်သည် အထင်မှားတည်း။ “ရုပ်ရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် အထင်မှားတည်း၊ “ရုပ် မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် အထင်မှားတည်း။ “သညာရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် အထင်မှားတည်း၊ “သညာ မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် အထင်မှားတည်း၊ “သညာရှိသူလည်း မဟုတ် မရှိသူလည်း မဟုတ်သူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် အထင်မှားတည်း။ ရဟန်းတို့ အထင်မှားမှုသည် ရောဂါတည်း၊ အထင်မှားမှုသည် အနာဆိုးတည်း၊ အထင်မှားမှုသည် ဆူးငြောင့်တည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့်ပင်လျှင်”အထင် မမှားသော စိတ်ဖြင့် နေကုန်အံ့ဟု” ဤသို့သာ သင်တို့ ကျင့်ရမည်။

ရဟန်းတို့ “ငါ ဖြစ်၏ “ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း၊ “ ဤကား ငါ ဖြစ်၏”ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း၊ “ငါ ဖြစ်ရလိမ့်ဦးမည်”ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း၊ “ငါဖြစ်ရလိမ့်မည် မဟုတ်”ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း။ “ရုပ်ရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း၊ “ရုပ် မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း။ “သညာရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း၊ “သညာ မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း၊ “သညာရှိသူလည်း မဟုတ် မရှိသူလည်း မဟုတ်သူ ဖြစ်ရလိမ့်မည်” ဟူသော ဤအထင်သည် တုန်လှုပ်မှုတည်း။ ရဟန်းတို့ တုန်လှုပ်မှုသည် ရောဂါတည်း၊ တုန်လှုပ်မှုသည် အနာဆိုးတည်း၊ တုန်လှုပ်မှုသည် ဆူးငြောင့်တည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့်ပင်လျှင် “မတုန်လှုပ်သော စိတ်ဖြင့် နေကုန်အံ့”ဟု ဤသို့သာ သင်တို့ ကျင့်ရမည်။

ရဟန်းတို့ “ငါ ဖြစ်၏”ဟူသော ဤအထင်သည် လှုပ်ရှားမှုတည်း၊ “ ဤကား ငါ ဖြစ်၏”ဟူသော ဤအထင်သည် လှုပ်ရှားမှုတည်း၊ “ငါ ဖြစ်ရလိမ့်ဦးမည်”ဟူသော။ပ။ “ငါ ဖြစ်ရလိမ့်မည် မဟုတ်”ဟူသော။ပ။ “ရုပ်ရှိသူ ဖြစ်ရလိမ့်မည်”ဟူသော။ပ။ “ရုပ် မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော။ပ။ “သညာရှိသူ ဖြစ်ရလိမ့်မည်”ဟူသော။ပ။ “သညာ မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော။ပ။ “သညာရှိသူလည်း မဟုတ် မရှိသူ့လည်း မဟုတ်သူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် လှုပ်ရှားမှုတည်း။ ရဟန်းတို့ လှုပ်ရှားမှုသည်ရောဂါတည်း၊ လှုပ်ရှားမှုသည် အနာဆိုးတည်း၊ လှုပ်ရှားမှုသည် ဆူးငြောင့်တည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့်ပင်လျှင် “မလှုပ်ရှားသော စိတ်ဖြင့် နေကုန်အံ့ “ဟု ဤသို့သာ သင်တို့ ကျင့်ရမည်။

ရဟန်းတို့ “ငါ ဖြစ်၏”ဟူသော ဤအထင်သည် ချဲ့ထွင်မှုတည်း၊ “ ဤကား ငါ ဖြစ်၏”ဟူသော ဤအထင်သည် ချဲ့ထွင်မှုတည်း၊ “ငါ ဖြစ်ရလိမ့်ဦးမည်”ဟူသော။ပ။ “ငါ ဖြစ်ရလိမ့်မည် မဟုတ်”ဟူသော။ပ။ “ရုပ်ရှိသူ ဖြစ်ရလိမ့်မည်” ဟူသော။ပ။ “ရုပ် မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော။ပ။ “သညာရှိသူ ဖြစ်ရလိမ့်မည်”ဟူသော။ပ။ “သညာ မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော။ပ။ “သညာရှိသူလည်း မဟုတ် မရှိသူလည်း မဟုတ်သူ ဖြစ်ရလိမ့်မည်” ဟူသော ဤအထင်သည် ချဲ့ထွင်မှုတည်း။ ရဟန်းတို့ ချဲ့ထွင်မှုသည်ရောဂါတည်း၊ ချဲ့ထွင်မှုသည် အနာဆိုးတည်း၊ ချဲ့ထွင်မှုသည် ဆူးငြောင့်တည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့်ပင်လျှင် “ချဲ့ထွင်မှု မရှိသော စိတ်ဖြင့် နေကုန်အံ့”ဟု ဤသို့သာ သင်တို့ ကျင့်ရမည်။

ရဟန်းတို့ “ငါ ဖြစ်၏”ဟူသော ဤအထင်သည် မာန်တက်မှုတည်း၊ “ ဤကား ငါ ဖြစ်၏”ဟူသော ဤအထင်သည် မာန်တက်မှုတည်း၊ “ငါ ဖြစ်ရလိမ့်ဦးမည် “ဟူသော ဤအထင်သည် မာန်တက်မှုတည်း၊ “ငါ ဖြစ်ရလိမ့်မည် မဟုတ်”ဟူသော ဤအထင်သည် မာန်တက်မှုတည်း။ “ရုပ်ရှိသူ ဖြစ်ရလိမ့်မည်” ဟူသော ဤအထင်သည် မာန်တက်မှုတည်း၊ “ရုပ်မရှိသူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည်မာန်တက်မှု တည်း။ “သညာရှိသူ ဖြစ်ရလိမ့်မည်” ဟူသော ဤအထင်သည် မာန်တက်မှုတည်း၊ “သညာမရှိသူ ဖြစ်ရ လိမ့်မည်”ဟူသော ဤအထင်သည် မာန်တက်မှုတည်း၊ “သညာရှိသူလည်း မဟုတ်မရှိသူလည်း မဟုတ်သူ ဖြစ်ရလိမ့်မည်”ဟူသော ဤအထင်သည် မာန်တက်မှုတည်း။ ရဟန်းတို့မာန်တက်မှုသည် ရောဂါတည်း၊ မာန်တက်မှုသည် အနာဆိုးတည်း၊ မာန်တက်မှုသည် ဆူးငြောင့်တည်း။ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ပင်လျှင် မာနကို ချိုးနှိမ်ပြီးသော စိတ်ဖြင့် နေကုန်အံ့ဟု ဤသို့သာသင်တို့ ကျင့်ရမည်ဟု (မိန့်တော် မူ၏)။

ဧကာဒသမသုတ်။

လေးခုမြောက် အာသီဝိသဝဂ် ပြီး၏။

သဠာယတနသံယုတ် ပြီး၏။