သံယုတ္တနိကာယ်—၃၅

(၈) ၃—ဂိလာနဝဂ်

၈—သမ္ဗဟုလဘိက္ခုသုတ်

၈၁။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏— “အသျှင်ဘုရား သာသနာ့ပြင်ပအယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် တပည့်တော်တို့အား ငါ့သျှင်တို့ ရဟန်း ဂေါတမအထံ၌ အဘယ်အကျိုးရှိသော အကျင့်မြတ်ကို ကျင့်သုံးသနည်းဟု မေးမြန်းကြပါကုန်၏။ အသျှင် ဘုရား ဤသို့အမေးခံကြရသော တပည့်တော်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အားငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏ “ဟုဖြေဆိုကြပါကုန်၏။ အသျှင်ဘုရား ဤသို့ အမေးခံကြရသော တပည့်တော်တို့သည် ဤသို့ဖြေဆိုကြသော် မြတ်စွာဘုရား၏ ဤစကားကိုပင် အတုလိုက်၍ ဆိုသည် မည်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲဘဲ ရှိကြပါကုန်၏လော၊ (မြတ်စွာဘုရား ဟောသော) တရားအား လျော်သော အကြောင်းကို ပြောဆိုမိကြပါကုန်၏လော၊ အကြောင်းနှင့် တကွ မြတ်စွာဘုရားပြောကြားသော စကားနှင့် (တပည့်တော်တို့) တစ်ဆင့် ပြောကြားသော စကားသည် တစ်စုံတစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပါ၏လောဟု (လျှောက်ကုန်၏)။

ရဟန်းတို့ စင်စစ် ဤသို့ အမေးခံကြရသော သင်တို့သည် ဤသို့ ဖြေဆိုကြသော် ငါဘုရား၏စကားကိုပင် အတုလိုက်၍ ဆိုသည် မည်ကုန်၏၊ ငါဘုရားကို မဟုတ်မမှန်သော စကားဖြင့် မစွပ်စွဲဘဲရှိကြ ပေကုန်၏၊ (ငါဟောသော) တရားအား လျော်သော အကြောင်းကို ပြောဆိုကြပေကုန်၏၊ အကြောင်းနှင့် တကွ (ငါဘုရား) ပြောကြားထားသော စကားနှင့် (သင်တို့) တစ်ဆင့် ပြောကြားသောစကားသည် တစ်စုံ တစ်ရာ ကဲ့ရဲ့ဖွယ်အကြောင်းသို့ မရောက်ဘဲ ရှိပေ၏။ ရဟန်းတို့ (သင်တို့သည်) ဆင်းရဲကို ပိုင်းခြား၍ သိခြင်းအကျိုးငှါ ငါဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏။

ရဟန်းတို့ အကယ်၍ သာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့သည် သင်တို့အား”ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ ရဟန်းဂေါတမအထံ၌ အကျင့်မြတ်ကို ကျင့်သုံးအပ်၏ဟုသင်တို့ ပြောသော ထိုဆင်းရဲကား အဘယ်နည်း “ဟု ဤသို့ မေးမြန်းကြကုန်မူ ရဟန်းတို့ ဤသို့အမေးခံကြရသော သင်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသော ပရိဗိုဇ်တို့အား ဤသို့ဖြေဆိုကုန်ရာ၏ — ငါ့သျှင်တို့ မျက်စိသည် ဆင်းရဲတည်း၊ ထိုဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာ့ဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏။ အဆင်းတို့သည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ဆင်းရဲတည်း၊ ထိုဆင်းရဲသော ဝေဒနာကိုပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကို ကျင့်သုံး၏။ စိတ်သည် ဆင်းရဲတည်း။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်ဆင်းရဲတည်း၊ ထိုဆင်းရဲသော ဝေဒနာကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်သုံး၏။ ငါ့သျှင်တို့ ဆင်းရဲကို ပိုင်းခြား၍ သိခြင်းငှါ မြတ်စွာဘုရားအထံ၌ အကျင့်မြတ်ကိုကျင့်သုံး၏ဟု (ငါတို့ ပြောအပ်သော) ထိုဆင်းရဲကား ဤသည်ပင်တည်း။

ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် ထိုသာသနာ့ပြင်ပ အယူရှိကြသည့် များစွာသောပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။