သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၁—သီဝကသုတ်

၂၆၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မောဠိယသီဝကမည်သော ပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— “ အသျှင်ဂေါတမ ဤသတ္တဝါပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သုခကိုဖြစ်စေ၊ ဒုက္ခကိုဖြစ်စေ၊ ဥပေက္ခာကိုဖြစ်စေ ခံစား၏။ ထိုအားလုံးသည် ရှေးကံအကြောင်းကြောင့် ဖြစ်၏ဟု ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သောအချို့သော သမဏဗြာဟ္မဏတို့သည် ရှိကြကုန်၏၊ ဤအရာ၌ အသျှင်ဂေါတမသည် အဘယ်သို့ဆိုပါသနည်း “ဟု လျှောက်၏။

သီဝက ဤလောက၌ သည်းခြေလျှင် ဖြစ်ကြောင်းရှိကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ် ကုန်၏၊ သီဝက ဤလောက၌ သည်းခြေလျှင် ဖြစ်ကြောင်းရှိကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို ကိုယ်တိုင်လည်း ဤသို့ သိအပ်၏၊ သီဝက ဤလောက၌ သည်းခြေလျှင်ဖြစ်ကြောင်းရှိကုန်သော အချို့သော ဝေဒနာတို့သည် ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို လောကသည်လည်း အမှန်ဟု သမုတ်အပ်၏။ သီဝက ထိုသို့ဖြစ်ရာ ဤသတ္တဝါပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သုခကိုဖြစ်စေ၊ ဒုက္ခကိုဖြစ်စေ၊ ဥပေက္ခာကိုဖြစ်စေ ခံစား၏။ ထိုအားလုံးသည် ရှေးကံကြောင့် ဖြစ်၏ဟု ဤသို့ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့သည် ကိုယ်တိုင် သိအပ်သည်ကိုလည်းကျော်လွန်ကုန်၏၊ လောက၌ အမှန်ဟု သမုတ်အပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ ထိုသို့ဖြစ်သောကြောင့်ထိုသမဏဗြာဟ္မဏတို့၏ စကားကို အမှားဟု ငါ ဆို၏။

သီဝက ဤလောက၌ သလိပ်လျှင် ဖြစ်ကြောင်းလည်းရှိကုန်သော။ပ။ သီဝက လေလျှင် ဖြစ်ကြောင်းလည်းရှိကုန်သော။ပ။ သီဝကသည်းခြေ သလိပ် လေ သုံးပါးပေါင်းဆုံခြင်းကြောင့်လည်း။ပ။ သီဝက ဥတုဖောက်ပြန်ခြင်းကြောင့်လည်း။ပ။ သီဝက မညီမညွတ် ဆောင်ရွက်ခြင်းကြောင့်လည်း။ပ။ သီဝက (သူတစ်ပါးတို့) လုံ့လပယောဂကြောင့်လည်း။ပ။ သီဝက ကံ၏ အကျိုးကြောင့်လည်းဖြစ်ကုန်သောအချို့သော ဝေဒနာ တို့သည် ဖြစ်ကုန်၏။ သီဝက ဤလောက၌ ကံ၏ အကျိုးကြောင့်လည်းဖြစ်ကုန်သောအချို့သော ဝေဒနာ တို့သည် ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို ဤသို့ ကိုယ်တိုင်လည်း သိအပ်၏။

သီဝက ဤလောက၌ ကံ၏ အကျိုးကြောင့်လည်းဖြစ်ကုန်သော အချို့သော ဝေဒနာတို့သည့်ဖြစ်ကုန်၏ဟူသော ဤအကြောင်းကို လောကသည်လည်း အမှန်ဟု သမုတ်အပ်၏။ သီဝက ထိုသို့ဖြစ်ရာ ဤသတ္တဝါပုဂ္ဂိုလ်သည် တစ်စုံတစ်ခု သော သုခကိုဖြစ်စေ၊ ဒုက္ခကိုဖြစ်စေ၊ ဥပေက္ခာကိုဖြစ်စေ ခံစား၏။

ထိုအားလုံးသည် ရှေးကံကြောင့် ဖြစ်၏ဟု ဤသို့ ဆိုလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သောသမဏဗြာဟ္မဏတို့သည် ကိုယ်တိုင် သိအပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ လောက၌ အမှန်ဟုသမုတ်အပ်သည်ကိုလည်း ကျော်လွန်ကုန်၏၊ ထိုသို့ ဖြစ်သောကြောင့် ထိုသမဏဗြာဟ္မဏတို့၏ စကားကိုအမှားဟု ငါ ဆို၏ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် မောဠိယသီဝကပရိဗိုဇ်သည် “ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောဥပါသကာဟု မှတ်တော်မူပါ “ဟု လျှောက်၏။

သည်းခြေလည်းကောင်း၊ သလိပ်လည်းကောင်း၊ လေလည်းကောင်း၊ ထိုသုံးပါး အပေါင်းလည်းကောင်း၊ ဥတုဖောက်ပြန်ခြင်းလည်းကောင်း၊ မညီမညွတ် ဆောင်ရွက် ခြင်းလည်းကောင်း၊ (သူတစ်ပါးတို့၏) လုံ့လပယောဂလည်းကောင်း၊ ကံ၏ အကျိုး နှင့် တကွ ရှစ်မျိုးသော ဝေဒနာဖြစ်ကြောင်းတို့သည်ရှိကုန်၏။

ပဌမသုတ်။