သံယုတ္တနိကာယ်—၄၅

၆—သူရိယပေယျာလဝဂ်

၇—ယောနိသောမနသိကာရသမ္ပဒါသုတ်

၅၅။ ရဟန်းတို့ အရုဏ်တက်ခြင်းသည် နေထွက်ပေါ်လာခြင်း၏ ရှေ့သွားဖြစ်သကဲ့သို့ ပုဗ္ဗနိမိတ်ဖြစ်သကဲ့သို့ ရဟန်းအား သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့့််ပြည့်စုံခြင်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်တရား ဖြစ်ပေါ်ရန် ရှေ့သွား ဖြစ်၏၊ ပုဗ္ဗနိမိတ် ဖြစ်၏။ ရဟန်းတို့ သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’နှင့် ပြည့်စုံသောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ သင့်လျော်သောအကြောင်းအားဖြင့် နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံ သောရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ ၏။ ရဟန်းတို့ ဤသို့လျှင် သင့်လျော်သောအကြောင်းအားဖြင့်နှလုံးသွင်းမှု ‘ယောနိသော မနသိကာရ’ နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။