သံယုတ္တနိကာယ်—၄၆

၃— ဥဒါယိဝဂ်

၄—အယောနိသောမနသိကာရသုတ်

၂ဝ၅။ ရဟန်းတို့ မသင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း အတိုင်းထက်အလွန်ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော စိတ်ပျံ့လွင့်မှုနောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း အတိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်းအတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း မဖြစ်၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်းချုပ်၏။ပ။ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း မဖြစ်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ချုပ်၏။

ရဟန်းတို့ သင့်လျော်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’သည်လည်း မဖြစ်၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း ပျောက်၏။ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’သည်လည်း မဖြစ်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း ပျောက်၏။ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’သည်လည်း မဖြစ်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’သည်လည်း ပျောက်၏။ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်းမဖြစ်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည်လည်း ပျောက်၏။ မဖြစ်သေးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း မဖြစ်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်းပျောက်၏။

မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်းပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသောဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။