သံယုတ္တနိကာယ်—၄၆

၆—သာကစ္ဆဝဂ်

၆—အဘယသုတ်

၂၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည်ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အဘယမင်းသားသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား မသိမမြင်ရန် အကြောင်းအထောက်အပံ့ မရှိ၊ အကြောင်းအထောက်အပံ့ မရှိဘဲ မသိမမြင်ခြင်း ဖြစ်၏။ သိမြင်ရန် အကြောင်းအထောက်အပံ့ မရှိ၊ အကြောင်းအထောက်အပံ့မရှိဘဲ သိမြင်ခြင်း ဖြစ်၏ဟု ပူရဏကဿပသည် ဤသို့ ဆိုပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည်အဘယ် သို့ မိန့်ဆိုတော်မူပါမည်နည်း”ဟု (လျှောက်၏)။ မင်းသား မသိမမြင်ရန့်အကြောင်းအထောက်အပံ့ ရှိ၏၊ အကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်၏၊ သိမြင်ရန်အကြောင်းအထောက်အပံ့ ရှိ၏၊ အကြောင်းအထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မသိမမြင်ရန် အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အဘယ်သို့လျှင်အကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်ပါသနည်းဟု (လျှောက်၏)။ မင်းသားအကြင်အခါ၌ ကာမရာဂထကြွနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ထွက်မြောက်ကြောင်းကို လည်းဟုတ်တိုင်းမှန်စွာ မသိမမြင်။ မင်းသား ဤသည်လည်း မသိမမြင်ရန်အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လည်း အကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်၏။

မင်းသား နောက်တစ်မျိုးကား အကြင်အခါ၌ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ထကြွနှိပ်စက်သော စိတ်ဖြင့်။ပ။

လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ထကြွနှိပ်စက်သော စိတ်ဖြင်။ပ။ စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ထကြွ နှိပ်စက်သော စိတ်ဖြင့်။ပ။ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ထကြွနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ် လာသော မဝေခွဲ နိုင်မှု ‘ဝိစိကိစ္ဆာ’၏ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိမမြင်။ မင်းသား ဤသည်လည်း မသိမမြင်ရန် အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လည်းအကြောင်းအထောက်အပံ့နှင့် တကွ မသိမမြင်ခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဤတရားဒေသနာတော်သည် အဘယ်အမည်ရှိပါသနည်းဟု (လျှောက်၏)။ မင်းသားဤတရားတို့ကား နီဝရဏမည်ကုန်၏။ မြတ်စွာဘုရား စင်စစ် နီဝရဏ မည်ထိုက်ပါကုန်၏၊ မြတ်စွာဘုရားစင်စစ် နီဝရဏ မည်ထိုက်ပါကုန်၏၊ အသျှင်ဘုရား နီဝရဏတစ်ပါးပါး နှိပ်စက်သည်ရှိသော်ဟုတ်တိုင်းမှန်စွာ မသိနိုင်မမြင်နိုင် ဖြစ်တုံဘိသေး၏၊ နီဝရဏငါးပါးလုံး နှိပ်စက်သည်ရှိသော်ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း။

အသျှင်ဘုရား သိမြင်ရန် အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အဘယ်သို့လျှင် အကြောင်းအထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်ပါသနည်းဟု (လျှောက်၏)။ မင်းသား ဤသာသနာတော်၌ရဟန်း သည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများသော စိတ်ဖြင့်ဟုတ် တိုင်းမှန်စွာ သိမြင်၏၊ ဤသည်လည်း သိမြင်ရန် အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လျှင်အကြောင်း အထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်၏။

မင်းသား နောက်တစ်မျိုးကား ဤသာသနာတော်၌ ရဟန်းသည်။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများသော စိတ်ဖြင့်ဟုတ်တိုင်းမှန်စွာ သိမြင်၏၊ မင်းသား ဤသည်လည်း သိမြင်ရန် အကြောင်းအထောက်အပံ့ ဖြစ်၏၊ ဤသို့လျှင် အကြောင်းအထောက်အပံ့နှင့် တကွ သိမြင်ခြင်း ဖြစ်၏။

အသျှင်ဘုရား ဤတရားဒေသနာတော်သည် အဘယ်အမည်ရှိပါသနည်းဟု (လျှောက်၏)။ မင်းသားဤတရားတို့ကား ဗောဇ္ဈင်မည်ကုန်၏။ မြတ်စွာဘုရား စင်စစ် ဗောဇ္ဈင်တို့ မည်ထိုက်ပါကုန်၏၊ မြတ်စွာဘုရား စင်စစ် ဗောဇ္ဈင်တို့ မည်ထိုက်ပါကုန်၏၊ အသျှင်ဘုရား ဗောဇ္ဈင်တစ်ပါးပါးနှင့် ပြည့်စုံသည်ရှိသော်ဟုတ်တိုင်းမှန်စွာ သိနိုင် မြင်နိုင် ဖြစ်တုံဘိသေး၏၊ ဗောဇ္ဈင်ခုနစ်ပါးလုံးတို့နှင့် ပြည့်စုံသည်ရှိသော်ကားအဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အသျှင်ဘုရား ဂိဇ္ဈကုဋ်တောင်ကို တက်သော တပည့်တော်အား ကိုယ်၏ ပင်ပန်းခြင်း စိတ်၏ပင်ပန်းခြင်းသည် ဖြစ်ပါ၏၊ ထိုပင်ပန်းခြင်းသည် တပည့်တော်အား ငြိမ်းပျောက်ပါပြီ၊ တပည့်တော်သည်တရားတော်ကိုလည်း သိအပ်ပါပြီဟု (လျှောက်၏)။

ဆဋ္ဌသုတ်။

ခြောက်ခုမြောက် သာကစ္ဆဝဂ် ပြီး၏။