သံယုတ္တနိကာယ်—၅၄

၁—ဧကဓမ္မဝဂ်

၂—ဗောဇ္ဈင်္ဂသုတ်

၉၇၈။ ရဟန်းတို့ အာနာပါနဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။ ရဟန်းတို့ အာနာပါနဿတိကို အဘယ်သို့လျှင် ပွါးများအပ် ကြိမ်ဖန်များစွာပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာနာပါနဿတိနှင့် တကွဖြစ်သော (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ အာနာပါနဿတိနှင့် တကွဖြစ်သော ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။

အာနာပါနဿတိနှင့် တကွဖြစ်သော (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ရဟန်းတို့ အာနာပါနဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။