သံယုတ္တနိကာယ်—၅၆
၆—အဘိသမယဝဂ်
၇—ပဌမ မဟာသမုဒ္ဒသုတ်
၁၁၂၇။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်း (တစ်ယောက်) သည် မဟာသမုဒ္ဒရာမှ ရေနှစ်စက်သုံးစက်တို့ကို ထုတ်ဆောင်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထုတ်ဆောင်သော ရေနှစ်စက်သုံးစက်တို့နှင့် မဟာသမုဒ္ဒရာရှိရေသည် အဘယ်အရာက ပို၍များသနည်းဟု မိန့်တော်မူ၏။
အသျှင်ဘုရား မဟာသမုဒ္ဒရာရှိ ရေကသာ ပို၍ များပါ၏၊ ထုတ်ဆောင်သော ရေနှစ်စက်သုံးစက်တို့သည် အနည်းငယ်မျှသာတည်း၊ မဟာသမုဒ္ဒရာရှိ ရေကို ထောက်ဆ၍ ထုတ်ဆောင်ပြီးသော ရေနှစ်စက်သုံးစက်တို့သည် မရေတွက်လောက်ကုန်၊ မနှိုင်းယှဉ်လောက်ကုန်၊ အစိတ်အပိုင်းသို့လည်းမရောက်နိုင်ပါကုန်ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ ဤအတူပင် အရိယာတပည့်ဖြစ်သော ပုဂ္ဂိုလ်၏။ပ။ အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။