သံယုတ္တနိကာယ်—၇
၂—ဥပါသကဝဂ်
၅—မာနတ္ထဒ္ဓသုတ်
၂ဝ၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ မာနတ္ထဒ္ဓပုဏ္ဏားသည် သာဝတ္ထိပြည်၌ နေ၏၊ ထိုပုဏ္ဏားသည် အမိကို ရှိမခိုး၊ အဖကို ရှိမခိုး၊ ဆရာကို ရှိမခိုး၊ အစ်ကိုကို ရှိမခိုး။ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ် များစွာ ခြံရံလျက် တရားဟောတော်မူ၏၊ ထိုအခါ မာနတ္ထဒ္ဓပုဏ္ဏားအား ဤအကြံသည် ဖြစ်၏— “ဤ ရဟန်းဂေါတမသည် ပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ငါသည် ရဟန်းဂေါတမထံသို့ ချဉ်းကပ် ရမူ ကောင်းလေစွ၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့်အတူ စကားပြောဆိုသည် ဖြစ်အံ့၊ ငါသည်လည်း ထိုရဟန်းဂေါတမနှင့် အတူ စကားပြောဆိုအံ့၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့် အတူ စကား မပြော ဆိုသည် ဖြစ်အံ့၊ ငါသည်လည်း ထိုရဟန်း ဂေါတမနှင့် အတူ စကား မပြောဆိုအံ့”ဟု အကြံ ဖြစ်၏။ ထိုအခါ မာနတ္ထဒ္ဓပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဆိတ်ဆိတ် နေလျက် တစ်ခုသော နေရာ၌ ရပ်တည်နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုမာနတ္ထဒ္ဓပုဏ္ဏားကို စကား ပြောဆိုတော်မမူ၊ ထိုအခါ၌ မာနတ္ထဒ္ဓပုဏ္ဏားသည် “ဤရဟန်းဂေါတမသည် တစ်စုံတစ်ရာ ဘာမျှ မသိ”ဟု အကြံ ဖြစ်၍ ထိုအရပ်မှ သာလျှင် တစ်ဖန် ပြန်ဆုတ်လိုသော စိတ်ရှိ၏၊ ထိုအခါ မြတ်စွာဘုရားလည်း မာနတ္ထဒ္ဓပုဏ္ဏား၏ စိတ် အကြံကို မိမိစိတ်ဖြင့် သိ၍ မာနတ္ထဒ္ဓပုဏ္ဏားကို ဂါထာဖြင့် ရွတ်ဆို၏—
“ပုဏ္ဏား ဤလောက၌ မာန်မူခြင်းသည် မကောင်း၊ ပုဏ္ဏား အကျိုးစီးပွားကို အလိုရှိသော သူအား အကြင်အကျိုးစီးပွားကြောင့် ငါ့ထံသို့ လာ၏၊ ထိုအလိုရှိသော အကျိုးစီးပွားကိုသာလျှင် ပွားစေရာ၏”ဟု ရွတ်ဆို၏။
ထိုအခါ၌ မာနတ္ထဒ္ဓပုဏ္ဏားသည် “ငါ၏ စိတ်ကို ရဟန်းဂေါတမ သိ၏”ဟု ထိုခဏ၌ပင်လျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် တိုက်၍ ခံတွင်းဖြင့် စုတ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ်၏၊ “အသျှင်ဂေါတမ အကျွန်ုပ်သည် မာနတ္ထဒ္ဓပုဏ္ဏားပါတည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် မာနတ္ထဒ္ဓပုဏ္ဏား ပါတည်း”ဟု အမည်ကိုလည်း လျှောက်ကြား၏၊ ထိုအခါ၌ ထိုပရိသတ်သည် “အချင်းတို့ အံ့ဖွယ်ရှိစွ တကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား။ မှန်၏၊ အချင်းတို့ ဤမာနတ္ထဒ္ဓပုဏ္ဏားသည် အမိကို ရှိမခိုး၊ အဖကို ရှိမခိုး၊ ဆရာကို ရှိမခိုး၊ အစ်ကိုကို ရှိမခိုး၊ သို့ဖြစ်လျက် ရဟန်းဂေါတမ၌ ဤသို့ သဘောရှိသော လွန်ကဲသော အရိုအသေပြုခြင်းကို ပြုဘိ၏”ဟု ရှေးက မဖြစ်ဖူးသော နှစ်သက်ဝမ်းမြောက်မှု ဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည် မာနတ္ထဒ္ဓပုဏ္ဏားအား “ပုဏ္ဏား ငါ့အပေါ်၌ သင်၏ စိတ်ကြည်ညိုခြင်း ဖြစ်ခဲ့ လေပြီ၊ သင့်တော်လောက်ပြီ၊ ထလော့၊ မိမိနေရာ၌ ထိုင်လော့”ဟု မိန့်တော်မူ၏၊ ထိုအခါ့မာနတ္ထဒ္ဓပုဏ္ဏား သည် မိမိနေရာ၌ ထိုင်လျက် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—
“အသျှင်ဂေါတမ အဘယ်ပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာသနည်း၊ အဘယ် ပုဂ္ဂိုလ်တို့၌ အလေးအမြတ် ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို အရိုအသေ ပြု အပ်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်သနည်း”ဟု ရွတ် ဆို၏။
“ပုဏ္ဏား အမိ၌လည်းကောင်း၊ အဖ၌လည်းကောင်း၊ အစ်ကို၌လည်းကောင်း၊ ဆရာ၌လည်းကောင်း ထိုပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာ။ ထိုပုဂ္ဂိုလ်တို့၌ အလေး အမြတ် ပြုရာ၏၊ ထိုပုဂ္ဂိုလ်တို့၌ အရိုအသေ ပြုအပ်ကုန်ရာ၏၊ ထိုပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်ရာ၏။
ပူဇော်အထူးကို ခံတော်မူထိုက်လျက် ငြိမ်းအေးကုန်သော၊ အာသဝ ကင်း၍ ပြု အပ်ပြီးသော ကိစ္စရှိကုန်သော၊ အတုမဲ့ ဖြစ်သည့် ထို (ရဟန္တာ) ပုဂ္ဂိုလ်တို့ကို မာန် နှိမ်ချလျက် မခက်ထန်သည် ဖြစ်၍ သင် ရှိခိုးရာ၏”ဟု (မိန့်တော်မူ၏)။
ဤသို့ မိန့်တော်မူသည်ရှိသော် မာနတ္ထဒ္ဓပုဏ္ဏားသည် မြတ်စွာဘုရားအား “အသျှင်ဂေါတမ (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။