သုတ္တနိပါတ်ပါဠိတော်

၁-ရတနသုတ်

၂၂၄။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကြကုန်၏။ အလုံးစုံသာလျှင် ဖြစ်ကုန်သော နတ်တို့သည် နှစ်သက်ရွှင်ပျ ဝမ်းမြောက်ကြစေကုန်သတည်း၊ ထိုမှတစ်ပါးလည်း (ငါဘုရား) ဟောအပ်သော ပရိတ်တရားတော်ကို ရိုသေစွာ နာကြစေကုန်သတည်း။ (၁)

၂၂၅။ နတ်များတို့ ထို့ကြောင့် သာလျှင် အသင်နတ်အားလုံးတို့သည် ဟောတော်မူအပ်သော ပရိတ်တရားတော်ကို စိတ်၌ သိုမှီးသိမ်းဆည်းကြကုန်လော့၊ လူသတ္တဝါ အပေါင်း၌ မေတ္တာကို ပြုကြကုန်လော့၊ အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း သင်တို့အားပူဇော်ပသခြင်းကို ပြုကြကုန်၏။ ထို့ကြောင့် သာလျှင် ထိုလူတို့ကို မမေ့မလျော့စောင့်ရှောက်ကြကုန်လော့။ (၂)

၂၂၆။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးဂဠုန်ပြည်တို့၌လည်းကောင်း နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မွန်မြတ်သော အလုံးစုံသော အကြင်ရတနာမျိုးသည် ရှိ၏။ မြတ်စွာဘုရားနှင့်တူသော ထိုရတနာမျိုးသည် မရှိ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်း သာကြပါစေသတည်း။ (၃)

၂၂၇။ ကိလေသာကုန်ရာဖြစ်သော ရာဂကင်းရာဖြစ်သော သေခြင်းကင်းသော မြတ်သော အကြင်နိဗ္ဗာန်ကို တည်ကြည်သော စိတ်ရှိသော သာကီနွယ်ဖွား မြတ် ဘုရားသည် ရတော်မူ၏။ ထို (နိဗ္ဗာန်) တရားနှင့်တူသောတစ်စုံတစ်ခုသော ရတနာမျိုးသည် မရှိ၊ နိဗ္ဗာန် တရားဟူသော ဤရတနာသည်လည်းအမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၄)

၂၂၈။ ဘုရားမြတ်သည် အကြင် (အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိကို စင်ကြယ်၏ဟု ချီးမွမ်းတော်မူ၏။ အကြင် (အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိကို မိမိအခြားမဲ့၌ အကျိုးပေး၏ဟု (ဘုရားသျှင်တို့) ဟောဆိုကုန်၏။ ထိုအရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိနှင့် တူသောတရားမျိုးသည်မရှိ၊ တရားတော်ဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၅)

၂၂၉။ လေးယောက်အစုံဖြစ်ကုန်သော အကြင် ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို သူတော် ကောင်းတို့သည် ချီးမွမ်းအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် မြတ်သော အလှူကို ခံထိုက်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၌ လှူအပ်သော အလှူတို့သည် အကျိုးကြီးကုန်၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ် ဆုံး ဖြစ်၏။ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့) ့ချမ်းသာကြပါစေသတည်း။ (၆)

၂၃ဝ။ ဂေါတမမြတ်စွာဘုရား သာသနာတော်၌ အကြင် (ရဟန္တာ) ပုဂ္ဂိုလ်တို့သည် ခိုင်မြဲစွာသော စိတ်ဖြင့် ကောင်းစွာအားထုတ်ကြကုန်၏။ (ကိလေသာတို့မှ) ထွက်မြောက်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ရရောက်ထိုက်သော အရဟတ္တဖိုလ်ကို ရရောက်ကုန်သည်ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရကုန်လျက် မပျက်မစီး အရဟတ္တဖလသမာပတ်ကို ခံစားကုန်၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၇)

၂၃၁။ မြေ၌ စိုက်ထူအပ်သောတံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသော လေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယသစ္စာတို့ကို ပညာဖြင့် သက်ဝင်၍ မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့် တူ၏ဟူ၍ ငါဆို၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၈)

၂၃၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသောဉာဏ်ပညာရှိသော မြတ်စွာဘုရားကောင်းစွာ ဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက် ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၉)

၂၃၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့် အပ်ကုန်၏။ ကိလေသာ စိုးစဉ်းမျှရှိစေကာမူ- (၁ဝ)

၂၃၄။ အပါယ်လေးပါးတို့မှ လွတ်၏။ (အနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသောတရားတို့ကို မပြုတော့ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေ သတည်း။ (၁၁)

၂၃၅။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသော မကောင်းမှုကို မဖုံးလွှမ်းတော့ပြီ၊ နိဗ္ဗာန်ကို မြင်ပြီးဖြစ်သော (သောတာပန်) ပုဂ္ဂိုလ်၏ (ဖုံးလွှမ်းခြင်း) မပြုတော့သည့် အဖြစ်ကို (မြတ်စွာဘုရား) ဟောအပ်၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၂)

၂၃၆။ နွေဥတု၏ အစဖြစ်သောတန်ခူးလ၌ပင် လုံးကျွတ်ပွင့်သော အဖျားရှိသော တောအုပ်သည်ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာ ရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို မြတ်သော (နိဗ္ဗာန်) အကျိုးငှါ ဟောတော်မူ၏။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၃)

၂၃၇။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သော မဂ်ကို ဆောင်တတ်သော မိမိ ထက်သာသူ မရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားကို ဟောကြား တော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၄)

၂၃၈။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ၊ ကံသစ် မရှိတော့ပြီ၊ လာလတ္တံ့သော ဘဝ၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသဧန္ဓမျိုးစေ့ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွါးသော ဆန္ဒမရှိကုန်၊ ဆီမီးသည် ငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာတို့သည် ငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၅)

၂၃၉။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကြကုန်၏။ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော, နတ်လူတို့သည် ပူဇော်အပ်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၆)

၂၄ဝ။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကြကုန်၏။ ထိုငါတို့သည် ကိလေသာတို့ကို ဖျက်ဆီးသောအားဖြင့် ဖြစ်သော, နတ်လူတို့သည် ပူဇော်အပ်သောတရားတော်ကို ရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၇)

၂၄၁။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကြကုန်၏။ ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော, နတ်လူတို့သည် ပူဇော်အပ်သော သံဃာတော်ကို ရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်းဟု (မိန့်တော်မူ၏)။

ရှေးဦးစွာသော ရတနသုတ် ပြီး၏။