အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ဥပါလိဝဂ်

၁ဝ-အဘဗ္ဗသုတ်

၁ဝဝ။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်၊ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရာဂ၊ ဒေါသ၊ မောဟ၊ အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ သူ့ကျေးဇူးကို ချေဖျက်မှု၊ ဂုဏ်ပြိုင်မှု၊ ငြူစူမှု၊ ဝန်တိုမှု၊ မာန်ထောင်မှုတို့တည်း။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ပယ်လျှင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—ရာဂ၊ ဒေါသ၊ မောဟ၊ အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ သူ့ကျေးဇူးကို ချေဖျက်မှု၊ ဂုဏ်ပြိုင်မှု၊ ငြူစူမှု၊ ဝန်တိုမှု၊ မာန်ထောင်မှုတို့တည်း။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ပယ်လျှင် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုရန်ထိုက်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် ဥပါလိဝဂ် ပြီး၏။

ဒုတိယ သုတ်ငါးဆယ် ပြီး၏။