အင်္ဂုတ္တရနိကာယ်
(၁၁) ၁-သမဏသညာဝဂ်
၁-သမဏသညာသုတ်
၁ဝ၁။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်၍ ရဟန်းအား ဖြစ်ထိုက်သည့် ဤသညာ သုံးမျိုးတို့သည် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—(ငါသည်) အဆင်း ဖောက်ပြန်မှုသို့ ရောက်၍ နေ၏။ ငါ၏ အသက်မွေးမှုသည် သူတစ်ပါးတို့နှင့် ဆက်စပ်နေ၏။ ငါသည် လူ့အသွင်အပြင်မှ အခြားသော ရဟန်းအသွင်အပြင်ကို ပြုအပ်၏ (ဟူသည်တို့တည်း)။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်၍ ရဟန်းအား ဖြစ်ထိုက်သည့် ဤသညာသုံးမျိုးတို့သည် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—သီလတို့၌ မပြတ်ဖြည့်ကျင့်လေ့ရှိ၏၊ မပြတ်ဖြစ်ခြင်းရှိ၏၊ အဘိဇ္ဈာမများ၊ ဆင်းရဲခြင်း မရှိ၊ အလွန် မာန်မူခြင်း မရှိ၊ သိက္ခာကို လိုလား၏၊ ထိုရဟန်းအား အသက်၏ အရံအတားဖြစ်သော ပစ္စည်းတို့၌ ဤအကျိုးငှါတည်းဟု ဆင်ခြင်၏၊ ထက်သန်သော လုံ့လရှိလျက်လည်း နေ၏။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်၍ ရဟန်းအား ဖြစ်ထိုက်သည့် ဤသညာသုံးမျိုးတို့သည် တရားခုနစ်မျိုးတို့ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။