အင်္ဂုတ္တရနိကာယ်
(၁၁) ၁-သမဏသညာဝဂ်
၂-ဗောဇ္ဈင်္ဂသုတ်
၁ဝ၂။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်မျိုးတို့သည် ဝိဇ္ဇာသုံးပါးတို့ကို ပြည့်စေကုန်၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤဗောဇ္ဈင်ခုနစ်မျိုးတို့သည် ဝိဇ္ဇာသုံးပါးတို့ကို ပြည့်စေကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည် များစွာသော ရှေး၌နေဖူးသည့် ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ယင်းတို့ဟူသည် တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များစွာသော ရှေး၌နေဖူးသည့် ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်ကြသော သတ္တဝါတို့ကို သိ၏။ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုကာ ရောက်၍ နေ၏။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော ဤ ဗောဇ္ဈင်ခုနစ်မျိုးတို့သည် ဤဝိဇ္ဇာသုံးပါးတို့ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။