အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမဏသညာဝဂ်

၃-မိစ္ဆတ္တသုတ်

၁ဝ၃။ ရဟန်းတို့ မှားယွင်းမှုကို စွဲ၍ ချွတ်ယွင်းမှု ဖြစ်၏၊ ပြည့်စုံမှု မဖြစ်။ ရဟန်းတို့ အဘယ်သို့လျှင် မှားယွင်းမှုကို စွဲ၍ ချွတ်ယွင်းမှု ဖြစ်သနည်း၊ ပြည့်စုံမှု မဖြစ်သနည်း။ ရဟန်းတို့ မှားယွင်းသော အမြင်ရှိသူအား မှားယွင်းသော အကြံအစည် ဖြစ်နိုင်၏၊ မှားယွင်းသော အကြံအစည်ရှိသူ အား မှားယွင်းသော စကားဖြစ်နိုင်၏၊ မှားယွင်းသော စကားရှိသူအား မှားယွင်းသော အလုပ်ဖြစ်နိုင်၏၊ မှားယွင်းသော အလုပ်ရှိသူအား မှားယွင်းသော အသက်မွေးမှု ဖြစ်နိုင်၏၊ မှားယွင်းသော အသက်မွေးမှု ရှိသူအား မှားယွင်းသော လုံ့လ ဖြစ်နိုင်၏၊ မှားယွင်းသော လုံ့လရှိသူအား မှားယွင်းသော သတိဖြစ် နိုင်၏၊ မှားယွင်းသော သတိရှိသူအား မှားယွင်းသော သမာဓိ ဖြစ်နိုင်၏၊ မှားယွင်းသော သမာဓိရှိသူအား မှားယွင်းသော ဉာဏ်ဖြစ်နိုင်၏၊ မှားယွင်းသော ဉာဏ်ရှိသူအား မှားယွင်းသော လွတ်မြောက်မှု ဖြစ်နိုင်၏။ ရဟန်းတို့ ဤသို့လျှင် မှားယွင်းမှုကို စွဲ၍ ချွတ်ယွင်းမှု ဖြစ်၏၊ ပြည့်စုံမှု မဖြစ်။

ရဟန်းတို့ မှန်ကန်မှုကို စွဲ၍ ပြည့်စုံမှု ဖြစ်၏၊ ချွတ်ယွင်းမှု မဖြစ်။ ရဟန်းတို့ အဘယ်သို့လျှင် မှန်ကန်မှုကို စွဲ၍ ပြည့်စုံမှု ဖြစ်သနည်း၊ ချွတ်ယွင်းမှု မဖြစ်သနည်း။ ရဟန်းတို့ မှန်ကန်သော အမြင် ရှိသူအား မှန်ကန်သော အကြံအစည် ဖြစ်နိုင်၏၊ မှန်ကန်သော အကြံအစည်ရှိသူအား မှန်ကန်သော စကားဖြစ်နိုင်၏၊ မှန်ကန်သော စကားရှိသူအား မှန်ကန်သော အလုပ်ဖြစ်နိုင်၏၊ မှန်ကန်သော အလုပ် ရှိသူအား မှန်ကန်သော အသက်မွေးမှု ဖြစ်နိုင်၏၊ မှန်ကန်သော အသက်မွေးမှုရှိသူအား မှန်ကန်သော လုံ့လဖြစ်နိုင်၏၊ မှန်ကန်သော လုံ့လရှိသူအား မှန်ကန်သော သတိဖြစ်နိုင်၏၊ မှန်ကန်သောသတိရှိသူအား မှန်ကန်သော သမာဓိဖြစ်နိုင်၏၊ မှန်ကန်သော သမာဓိရှိသူအား မှန်ကန်သော ဉာဏ်ဖြစ်နိုင်၏၊ မှန်ကန်သော ဉာဏ်ရှိသူအား မှန်ကန်သော လွတ်မြောက်မှု ဖြစ်နိုင်၏။ ရဟန်းတို့ ဤသို့လျှင် မှန်ကန်မှုကို စွဲ၍ ပြည့်စုံမှု ဖြစ်၏၊ ချွတ်ယွင်းမှု မဖြစ်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။