အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ပစ္စောရောဟဏိဝဂ်

၈-ဒုတိယ ပစ္စောရောဟဏီသုတ်

၁၂ဝ။ ရဟန်းတို့ သင်တို့အား မြတ်သော နှင်ထုတ်ခြင်းကို ဟောကြားအံ့၊ ထို (တရား) ကို နာကုန်လော့။ ရဟန်းတို့ မြတ်သော နှင်ထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော အမြင်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ဆင်ခြင်ပြီး၍ မှားယွင်းသော အမြင်ကို ပယ်စွန့်၏၊ မှားယွင်းသော အမြင်ကို နှင်ထုတ်၏။ “မှားယွင်းသော အကြံအစည်၏ အကျိုး သည် ယုတ်ညံ့ဆိုးဝါး၏၊ မှားယွင်းသော စကား၏။ မှားယွင်းသော အလုပ်၏။ မှားယွင်းသော အသက်မွေးမှု၏။ မှားယွင်းသော လုံ့လ၏။ မှားယွင်းသော သတိ၏။ မှားယွင်းသော သမာဓိ၏။ မှားယွင်းသော ဉာဏ်၏။ မှားယွင်းသော လွတ်မြောက်မှု၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊ ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍ မှားယွင်းသော လွတ်မြောက်မှုကို ပယ်စွန့်၏၊ မှားယွင်းသော လွတ်မြောက်မှုကို နှင်ထုတ်၏။ ရဟန်းတို့ ဤသည်ကို မြတ်သော နှင်ထုတ်ခြင်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။