အင်္ဂုတ္တရနိကာယ်
(၁၆) ၁-ပုဂ္ဂလဝဂ်
၁-သေဝိတဗ္ဗသုတ်
၁၅၅။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—မှားယွင်းသော အမြင်ရှိသူ၊ မှားယွင်းသော အကြံအစည်ရှိသူ၊ မှားယွင်းသော စကားရှိသူ၊ မှားယွင်းသော အလုပ်ရှိသူ၊ မှားယွင်းသော အသက်မွေးမှုရှိသူ၊ မှားယွင်းသော လုံ့လရှိသူ၊ မှားယွင်းသော သတိရှိသူ၊ မှားယွင်းသော သမာဓိရှိသူ၊ မှားယွင်းသော ဉာဏ်ရှိသူ၊ မှားယွင်းသော လွတ်မြောက်မှု ရှိသူတို့တည်း။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်၊ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်ရှိသူ၊ မှန်ကန်သော အကြံအစည်ရှိသူ၊ မှန်ကန်သော စကားရှိသူ၊ မှန်ကန်သော အလုပ်ရှိသူ၊ မှန်ကန်သော အသက်မွေးမှုရှိသူ၊ မှန်ကန်သော လုံ့လရှိသူ၊ မှန်ကန်သော သတိရှိသူ၊ မှန်ကန်သော သမာဓိရှိသူ၊ မှန်ကန်သော ဉာဏ်ရှိသူ၊ မှန်ကန်သော လွတ်မြောက်မှုရှိသူတို့တည်း။ ရဟန်းတို့ ဤတရား ဆယ်မျိုးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။