အင်္ဂုတ္တရနိကာယ်
(၁၇) ၂-ဇာဏေုဿာဏိဝဂ်
၁-ဗြဟ္မဏပစ္စောရောဟဏီသုတ်
၁၆၇။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် ထိုဥပုသ်နေ့၌ ခေါင်းလျှော် ရေချိုးပြီး၍ အသစ်ဖြစ်သော ခေါမမည်သော အဝတ်စုံကိုဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကို ယူ၍ မြတ်စွာဘုရား၏ အနီး တစ်ခုသောနေရာ၌ ရပ်တည်၏။ မြတ်စွာဘုရားသည် ထိုဥပုသ်နေ့၌ ခေါင်းလျှော် ရေချိုးပြီး၍ ခေါမ မည်သော အဝတ်စုံကို ဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကို ယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေသော ဇာဏေုဿာဏိပုဏ္ဏားကို မြင်တော်မူ၍ ဇာဏေုဿာဏိ ပုဏ္ဏားအား— “ပုဏ္ဏား အဘယ်ကြောင့် သင်သည် ထိုဥပုသ်နေ့၌ ခေါင်းလျှော် ရေချိုးပြီး၍ အသစ်ဖြစ်သော ခေါမ မည်သော အဝတ်စုံကို ဝတ်ကာ စိုသော သမန်းမြက်ဆုပ်ကို ယူ၍ တစ်ခုသောနေရာ၌ ရပ်တည်နေဘိသနည်း၊ ပုဏ္ဏား ယနေ့ ပုဏ္ဏားမျိုးအား အဘယ်မည်သော ကိစ္စ ဖြစ်သနည်း”ဟု မေးတော်မူ၏။ အသျှင်ဂေါတမ ယနေ့ ပုဏ္ဏားမျိုးအား မကောင်းမှုကို နှင်ထုတ်ခြင်းမည်သော ကိစ္စဖြစ်ပါ၏ဟု (လျှောက်၏ )။
ပုဏ္ဏား အဘယ် အခြင်းအရာဖြင့် ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်း ဖြစ်သနည်းဟု (မေးတော်မူ၏ )။ အသျှင်ဂေါတမ ဤလောက၌ ပုဏ္ဏားတို့သည် ထိုဥပုသ်နေ့၌ ခေါင်းလျှော် ရေချိုးပြီး အသစ်ဖြစ်သော ခေါမ မည်သော အဝတ်စုံကို ဝတ်ကာ စိုသော နွားချေးဖြင့် မြေကို လိမ်းကျံ၍ စိမ်းစိုသော သမန်းမြက်တို့ကို ဖြန့်ခင်းလျက် သဲပုံနှင့် မီးတင်းကုပ်အကြား၌ အိပ်ခြင်းကို ပြုကုန်၏၊ ထိုပုဏ္ဏားတို့သည် ထိုညဉ့်၌ သုံးကြိမ်ထ၍ လက်အုပ်ချီကာ “အသျှင့်ထံသို့ (မကောင်းမှုကို) နှင်ထုတ်ပါကုန်၏၊ အသျှင်ထံသို့ (မကောင်းမှုကို) နှင်ထုတ်ပါကုန်၏”ဟု (ဆို၍ ) မီးကို ရှိခိုးကုန်၏၊ များစွာသော ထောပတ် ဆီ ဆီဦးတို့ ဖြင့်လည်း မီးစာကျွေးကုန်၏၊ ထိုညဉ့်လွန်မြောက်သောအခါ၌လည်း မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ပုဏ္ဏားတို့ကို ရောင့်ရဲစေကုန်၏။ အသျှင်ဂေါတမ ဤသို့အားဖြင့် ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းဖြစ်ပါ၏ဟု (လျှောက်၏ )။
ပုဏ္ဏား ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏၊ အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏ဟု (မိန့်တော်မူ၏ )။ အသျှင်ဂေါတမ အရိယာ၏ ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းကား အဘယ်သို့ပါနည်း၊ တောင်းပန်ပါ၏၊ အကျွန်ုပ်အား အသျှင် ဂေါတမသည် အရိယာဝိနည်း၌ မကောင်းမှု နှင်ထုတ်ပုံတရားကို ဟောတော်မူပါလော့ဟု (လျှောက်၏ )။ ပုဏ္ဏား ထိုသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
“အသျှင်ဂေါတမ ကောင်းပါပြီ”ဟု ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
ပုဏ္ဏား ဤလောက၌ အရိယာတပည့်သည် “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း သူ့အသက်သတ်ခြင်း၏ အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ သူ့အသက်သတ်ခြင်းကို ပယ်စွန့်၏၊ သူ့အသက်သတ်ခြင်းကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း သူ့ဥစ္စာကို ခိုးခြင်း၏ အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ သူ့ဥစ္စာခိုးခြင်းကို ပယ်စွန့်၏၊ သူ့ဥစ္စာ ခိုးယူခြင်းကို နှင်ထုတ်၏ —
“မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၏ အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း ကို ပယ်စွန့်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မဟုတ်မမှန်ပြောခြင်း၏ အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ မဟုတ်မမှန်ပြောခြင်းကို ပယ်စွန့်၏၊ မဟုတ်မမှန်ပြောခြင်းကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌ လည်းကောင်း၊ တမလွန်ဘဝ၌ လည်းကောင်း ကုန်းစကား၏အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ ကုန်းစကားကို ပယ်စွန့်၏၊ ကုန်းစကားကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ရုန့်ရင်းကြမ်းတမ်းသော စကား၏ အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပယ်စွန့်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ပြိန်ဖျင်းသော စကား၏ အကျိုး သည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ ပြိန်ဖျင်းသော စကားကို ပယ်စွန့်၏၊ ပြိန်ဖျင်းသော စကားကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’၏ အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ကို ပယ်စွန့်၏၊ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ ကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ပျက်စီးစေလိုမှု ‘ဗျာပါဒ’၏ အကျိုး သည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ပယ်စွန့်၏၊ ပျက်စီးစေလို မှု ‘ဗျာပါဒ’ ကို နှင်ထုတ်၏။ “မျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း မှားယွင်းသော အယူ၏ အကျိုးသည် ယုတ်မာ၏”ဟု ဆင်ခြင်၏၊ ထိုသူသည် ဤသို့ဆင်ခြင်၍ မှားယွင်းသော အယူကို ပယ်စွန့်၏၊ မှားယွင်းသော အယူကို နှင်ထုတ်၏။ ပုဏ္ဏား ဤသို့ အရိယာ၏ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်း သည် ဖြစ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် တစ်မျိုးဖြစ်၏၊ အရိယာ၏ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်းကား တစ်မျိုးဖြစ်၏၊ အသျှင်ဂေါတမ ပုဏ္ဏားတို့၏ မကောင်းမှုကို နှင်ထုတ်ခြင်းသည် ဤအရိယာ၏ဝိနည်း၌ မကောင်းမှုကို နှင်ထုတ်ခြင်း၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်မျှ မမီပါ။ အသျှင်ဂေါတမ အလွန်နှစ်သက်ဖွယ်ရှိပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက် ထက်ဆုံး (ရတနာသုံးပါး) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏ )။
ပဌမသုတ်။