အင်္ဂုတ္တရနိကာယ်

၄-ဥပါလိဝဂ်

၃-ဥဗ္ဗာဟိကာသုတ်

၃၃။ အသျှင်ဘုရား အဘယ်မျှသော တရားတို့နှင့် ပြည့်စုံသော ရဟန်းကို ဥဗ္ဗာဟိက (ကမ္မဝါစာ) ဖြင့် သမုတ်အပ်ပါသနည်းဟု (လျှောက်၏ )။

ဥပါလိ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဥဗ္ဗာဟိက (ကမ္မဝါစာ) ဖြင့် သမုတ်အပ်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ —ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် (၁) သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ (၂) အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ဟောဖော်ပြ တတ်သည့် သဘောရှိကုန်သော တရားတို့ကို ထိုပုဂ္ဂိုလ်သည် များစွာ ကြားနာအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာထားအပ်ကုန်၏၊ စိတ်ဖြင့် မှတ်သားထားအပ်ကုန်၏၊ ဉာဏ်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏။ (၃) ထိုရဟန်းအား ပါတိမောက်နှစ်ပါးတို့သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာကုန်၏၊ ကောင်းစွာ ဝေဖန်အပ်ကုန်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိကုန်၏၊ ပါတိမောက်အားဖြင့် အဖွင့် ‘ဥဘတောဝိဘင်း’ အားဖြင့် ကောင်းစွာ ဆုံးဖြတ်အပ်ကုန်၏။

(၄) ဝိနည်း၌ တည်၏၊ တွန့်ဆုတ်ခြင်း မရှိ။ (၅) (သပိတ်သင်္ကန်းစသော) အကြောင်းတစ်ခုခုကြောင့် ရန်သူဖြစ်သော ရဟန်းနှစ်ပါးတို့ကို သိစေခြင်းငှါလည်းကောင်း၊ အပြားအားဖြင့် သိစေခြင်းငှါလည်းကောင်း၊ ရှုစေခြင်းငှါလည်းကောင်း၊ ကြည့်စေခြင်းငှါလည်းကောင်း၊ ကြည်ညိုစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ (၆) အဓိကရုဏ်းဖြစ်ကြောင်း ငြိမ်းကြောင်း၌ လိမ္မာ၏။ (၇) အဓိကရုဏ်းကို သိ၏။ (၈) အဓိကရုဏ်း၏ ဖြစ်ကြောင်းကို သိ၏။ (၉) အဓိကရုဏ်း၏ ငြိမ်းခြင်းကို သိ၏။ (၁ဝ) အဓိကရုဏ်းငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ဥပါလိ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဥဗ္ဗာဟိက (ကမ္မဝါစာ) ဖြင့် သမုတ်အပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။