အင်္ဂုတ္တရနိကာယ်
၄-ဥပါလိဝဂ်
၄-ဥပသမ္ပဒါသုတ်
၃၄။ အသျှင်ဘုရား အဘယ်မျှလောက်သော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် ပဉ္စင်းပြုပေး သင့်ပါသနည်း (ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးနိုင်ပါသနည်း )ဟု (လျှောက်၏ )။ ဥပါလိ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ပဉ္စင်းပြုပေးနိုင်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—
ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် (၁) သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက် နေ၏၊ အကျင့် ‘အာစရ’ ကျက်စားရာ ‘ဂေါစရ’နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ (၂) အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ဟောဖော်ပြ တတ်သည့် သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာကြားနာအပ်ကုန်၏၊ ဆောင်ထားကုန်၏၊ နှုတ်ဖြင့် လေ့လာထားအပ်ကုန်၏၊ စိတ်ဖြင့် မှတ်သားထားအပ်ကုန်၏၊ ဉာဏ်ဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်ကုန်၏။ (၃) ထိုရဟန်းအား ပါတိမောက်သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာ၏၊ ကောင်းစွာ ဝေဖန်အပ်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိ၏၊ ပါတိမောက်အားဖြင့် အဖွင့် ‘ဥဘတောဝိဘင်း’ အားဖြင့် ကောင်းစွာ ဆုံးဖြတ်အပ်၏။ (၄) မကျန်းမာသူကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ လုပ်ကျွေးစေခြင်းငှါလည်းကောင်း စွမ်း နိုင်၏။ (၅) မပျော်မွေ့ခြင်းကို ကိုယ်တိုင်ငြိမ်းခြင်းငှါလည်းကောင်း၊ သူတစ်ပါးကို ငြိမ်းစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ (၆) ဖြစ်ပေါ်လာသော ကုက္ကုစ္စ’သံသယ’ကို တရားအားဖြင့် ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏။ (၇) ဖြစ်ပေါ်သော မိစ္ဆာအယူကို တရားအားဖြင့် ကင်းစေခြင်းငှါ စွမ်းနိုင်၏။ (၈) အဓိသီလ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ (၉) အဓိစိတ္တ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ (၁ဝ) အဓိပညာ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ဥပါလိ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည့်ပဉ္စင်းပြုပေးနိုင်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။