အင်္ဂုတ္တရနိကာယ်

၄-ဥပါလိဝဂ်

၅-နိဿယသုတ်

၃၅။ အသျှင်ဘုရား အဘယ်မျှလောက်သော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဿရည်း ပေးထိုက်ပါသနည်း (နိဿရည်းဆရာပြုလုပ်နိုင်ပါသနည်း)ဟု (လျှောက်၏ )။

ဥပါလိ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဿရည်း ပေးထိုက်၏။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ— ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ အကြားအမြင်များ၏။ပ။ ဉာဏ်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ ထိုရဟန်းအား ပါတိမောက်သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာ၏၊ ကောင်းစွာ ဝေဖန်အပ်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိ၏၊ ပါတိမောက်အားဖြင့် အဖွင့် ‘ဥဘတောဝိဘင်း’အားဖြင့် ကောင်းစွာ ဆုံးဖြတ် အပ်၏၊ မကျန်းမာသူကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ လုပ်ကျွေးစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ မပျော်မွေ့ခြင်းကို ကိုယ်တိုင်ငြိမ်းခြင်းငှါလည်းကောင်း၊ သူတစ်ပါးကို ငြိမ်းစေခြင်းငှါလည်းကောင်း စွမ်း နိုင်၏။ ဖြစ်ပေါ်လာသော ကုက္ကုစ္စ’သံသယ’ကို တရားအားဖြင့် ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏။ ဖြစ်ပေါ် လာသော မိစ္ဆာအယူကို တရားအားဖြင့် ကင်းစေခြင်းငှါ စွမ်းနိုင်၏။ အဓိသီလ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ အဓိစိတ္တ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ အဓိပညာ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ဥပါလိ ဤတရား ဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဿရည်း ပေးနိုင်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်