အင်္ဂုတ္တရနိကာယ်

၄-ဥပါလိဝဂ်

၉-ပဌမအာနန္ဒသုတ်

၃၉။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား အသျှင်ဘုရား “သံဃာကွဲပြားမှု သံဃာကွဲပြားမှု”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် သံဃာကွဲပြားမှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို “တရားဟုတ်၏”ဟု ပြကုန်၏၊ တရားဟုတ်သည်ကို “တရားမဟုတ်”ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို “ဝိနည်းဟုတ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏၊ ထိုရဟန်းသည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်) ကို ဆွဲငင်ကုန်၏၊ ဖယ်ရှားကုန်၏၊ သီးခြားကံတို့ကို ပြုကုန်၏၊ သီးခြားပါတိမောက်ကို ပြကုန်၏။ အာနန္ဒာ ဤမျှဖြင့် သံဃာကွဲပြားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ညီညွတ်သော သံဃာကို သင်းခွဲသည်ရှိသော် ထိုရဟန်းသည် အဘယ်အရာကို ပွါးစီးစေပါသနည်းဟု (လျှောက်၏ )။ အာနန္ဒာ အာယုကပ်ပတ်လုံးတည်အောင် ကြမ်း၊ကတ်မှု (အကုသိုလ်) ကို ပွါးစီးစေ၏ဟု (မိန့်တော်မူ၏ )။ အသျှင်ဘုရား အာယုကပ်ပတ်လုံး တည်သော ကြမ်း၊ကတ်မှုဟူသည် အဘယ်ပါနည်းဟု (လျှောက်၏ )။ အာနန္ဒာ အာယုကပ်ပတ်လုံး (အဝိီစိ)ငရဲ၌ ကျက်ရ၏ဟု (မိန့်တော်မူ၏ )။ သံဃာကို သင်းခွဲသော၊ အစုကွဲပြားမှု၌ မွေ့လျော်သော၊ တရားမဟုတ်သည်၌ တည်သော ရဟန်းသည် အပါယ်ဘုံသို့ သွားရမည် ငရဲ၌ ဖြစ်ရမည် ဖြစ်၍ ယောဂ လေးပါး၏ ကုန်ရာ အရဟတ္တဖိုလ်မှ ကင်း၏၊ (ထိုရဟန်းသည်) ညီညွတ်သော သံဃာကို သင်းခွဲပြီးနောက် အာယုကပ်ပတ်လုံး (အဝီစိ) ငရဲ၌ ကျက်ရ၏။

နဝမသုတ်။