အင်္ဂုတ္တရနိကာယ်
၄-ဥပါလိဝဂ်
၁ဝ-ဒုတိယအာနန္ဒသုတ်
၄ဝ။ အသျှင်ဘုရား “သံဃာညီညွတ်မှု သံဃာညီညွတ်မှု”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် သံဃာညီညွတ်မှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းတို့ သည် တရားမဟုတ်သည်ကို “တရားမဟုတ်”ဟု ပြကုန်၏၊ တရားဟုတ်သည်ကို “တရားဟုတ်၏”ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို “ဝိနည်းမဟုတ်”ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို “ဝိနည်းဟုတ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား မလေ့ကျက်အပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို “မြတ်စွာဘုရား လေ့ကျက်အပ်၏”ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏၊ ထိုရဟန်းတို့သည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်) ကို မဆွဲငင်ကုန်၊ မဖယ်ရှားကုန်၊ သီးခြားကံတို့ကို မပြုကုန်၊ သီးခြား ပါတိမောက်ကို မပြကုန်။ အာနန္ဒာ ဤမျှဖြင့် သံဃာညီညွတ်မှု ဖြစ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ကွဲပြားသောသံဃာကို ညီညွတ်အောင် ပြုသည်ရှိသော် ထိုသူသည် အဘယ်အရာကို ပွားစီးစေပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ မြတ်သောကောင်းမှုကို ပွားစီးစေ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်သောကောင်းမှုဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ အာနန္ဒာ အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏ဟု (မိန့်တော်မူ၏)။
သံဃာ၏ ညီညွတ်မှုသည်လည်းကောင်း၊ ညီညွတ်သူတို့ကို ချီးမြှောက်မှုသည် လည်းကောင်း ချမ်းသာ၏။ ညီညွတ်မှု၌ မွေ့လျော်ကာ တရား၌ တည်သူသည် သံဃာကို ညီညွတ်အောင်ပြု၍ ယောဂလေးပါး၏ကုန်ရာ အရဟတ္တဖိုလ်မှ မကင်းဝေး၊ (ထိုသူသည် ) အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။
ဒသမသုတ်။
လေးခုမြောက် ဥပါလိဝဂ် ပြီး၏။