အင်္ဂုတ္တရနိကာယ်
(၇) ၂-ယမကဝဂ်
၄-အဝေစ္စပ္ပသန္နသုတ်
၆၄။ ရဟန်းတို့ ငါဘုရားအပေါ်၌ သက်ဝင်ယုံကြည်ကြသူဟူသမျှ အားလုံးတို့သည် အရိယမဂ် အလျဉ်သို့ ရောက်ကြသူတို့တည်း။ ထိုအရိယမဂ်အလျဉ်သို့ ရောက်ကြသူတို့တွင် ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုကုန်၏၊ ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမဘုံကို စွန့်၍ ပရိနိဗ္ဗာန် ပြုကုန်၏။ အဘယ်ငါးယောက်တို့ကား ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုကုန်သနည်း။ သတ္တက္ခတ္တုပရမ သောတာပန်၊ ကောလံကောလ သောတာပန်၊ ဧကဗီဇီ သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ မျက်မှောက် ဘဝ၌ပင် ရဟန္တာဖြစ်သော ပုဂ္ဂိုလ်တို့တည်း။ ဤပုဂ္ဂိုလ် ငါးယောက်တို့သည် ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုကုန်၏။ အဘယ်ငါးယောက်တို့သည် ဤကာမဘုံကိုစွန့်၍ ပရိနိဗ္ဗာန်ပြုကုန်သနည်း။ အန္တရာပရိနိဗ္ဗာယီ အနာဂါမ်၊ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်၊ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ ဥဒ္ဓံသောတ အကနိဋ္ဌဂါမီအနာဂါမ်တို့တည်း။ ဤငါးယောက်တို့သည် ဤကာမဘုံကိုစွန့်၍ ပရိနိဗ္ဗာန်ပြုကုန်၏။ ရဟန်းတို့ ငါဘုရားအပေါ်၌ သက်ဝင်ယုံကြည်သူဟူသမျှ အားလုံးတို့သည် အရိယမဂ်အလျဉ်သို့ ရောက်ကြသူတို့တည်း။ ထိုအရိယမဂ်အလျဉ်သို့ ရောက်ကြသူတို့တွင် ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမ ဘုံ၌ ပရိနိဗ္ဗာန်ပြုကုန်၏၊ ပုဂ္ဂိုလ်ငါးယောက်တို့သည် ဤကာမဘုံကို စွန့်၍ ပရိနိဗ္ဗာန်ပြုကုန်၏ဟု့(မိန့်တော်မူ၏)။
စတုတ္ထသုတ်။