အင်္ဂုတ္တရနိကာယ်

(၇) ၂-ယမကဝဂ်

၅-ပဌမ သုခသုတ်

၆၅။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် မဂဓတိုင်း နာလကရွာငယ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သာမဏ္ဍကာနိပရိဗိုဇ်သည် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်လျက် အသျှင်သာရိပုတြာအား— ငါ့သျှင်သာရိပုတြာ ချမ်းသာဟူသည် အဘယ်နည်း၊ ဆင်းရဲဟူသည် အဘယ်နည်းဟု မေးလျှောက်၏။ ငါ့သျှင် (ဘဝသစ်၌) ဖြစ်ရမှုသည် ဆင်းရဲတည်း၊ မဖြစ်ရမှုသည် ချမ်းသာတည်း။ ငါ့သျှင် (ဘဝသစ်၌) ဖြစ်မှုရှိလျှင် အေးမှု၊ ပူမှု၊ စားလိုမှု၊ သောက်လိုမှု၊ ကျင်ကြီး စွန့်လိုမှု၊ ကျင်ငယ်စွန့်လိုမှု၊ မီးလောင်မှု၊ တုတ်လှံတံထိခိုက်မှု၊ လက်နက်ထိခိုက်မှု၊ ဆွေမျိုးနှင့် မိတ်ဆွေတို့ စုဝေးလာရောက်ကြ၍ ခြုတ်ခြယ်မှုဟူသော ဤဆင်းရဲကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်၏။ ငါ့သျှင် (ဘဝသစ်၌) ဖြစ်မှု မရှိလျှင် မအေးမှု၊ မပူမှု၊ မစားလိုမှု၊ မသောက်လိုမှု၊ ကျင်ကြီး မစွန့်လိုမှု၊ ကျင်ငယ်မစွန့်လိုမှု၊ မီးမလောင်မှု၊ တုတ်လှံတံ မထိခိုက်မှု၊ လက်နက်မထိခိုက်မှု၊ ဆွေမျိုးနှင့် မိတ်ဆွေတို့ စုဝေးလာရောက်ကြ၍ မခြုတ်ခြယ်မှုဟူသော ဤချမ်းသာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။