အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၂-အာနန္ဒသုတ်
၈၂။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏။ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—အာနန္ဒာ စင်စစ် ထိုရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါတရား’ မရှိသူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက် လိမ့်မည်ဟူသော ဤအကြောင်း သည် မရှိ။ (၁)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် သီလမရှိသူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၂)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် အကြားအမြင်နည်းသူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၃)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် ဆိုဆုံးမခက်သူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၄)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် မိတ်ဆွေယုတ်ရှိသူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၅)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် ပျင်းရိသူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၆)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် သတိမေ့ပျောက်သူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၇)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် မရောင့်ရဲတတ်သူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၈)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် အလိုဆိုးရှိသူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၉)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် အယူမှားရှိသူဖြစ်လျက် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။ (၁ဝ)
အာနန္ဒာ စင်စစ် ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ထိုရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာ တော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိ။
အာနန္ဒာ စင်စစ် ထိုရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါတရား’ ရှိသူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၁)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် သီလရှိသူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၂)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် အကြားအမြင်များသူ အကြားအမြင်ကို ဆောင်သူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၃)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် ဆိုဆုံးမလွယ်သူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၄)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် မိတ်ဆွေကောင်းရှိသူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာ တော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၅)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် ထက်သန်သော လုံ့လရှိသူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၆)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် ထင်သောသတိရှိသူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၇)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် ရောင့်ရဲလွယ်သူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၈)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် အလိုနည်းသူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၉)
အာနန္ဒာ စင်စစ် ထိုရဟန်းသည် အယူမှန်ရှိသူ ဖြစ်လတ်သော် ဤဓမ္မဝိနယ ‘သာသနာတော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏။ (၁ဝ)
အာနန္ဒာ စင်စစ် ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ထိုရဟန်းသည် ဤဓမ္မဝိနယ ‘သာသနာ တော်’ ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်လိမ့်မည်ဟူသော ဤအကြောင်းသည် ရှိ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။