အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမ္ဗောဓဝဂ်

၈-ဗျာပန္နသုတ်

၁၁၁။ တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်— “ဒါယကာ စိတ်ပျက်စီးလျှင် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံသည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏၊ ကာယကံ ဝစီကံ မနောကံ ပျက်စီးသူအား ကောင်းသောသေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။ ဒါယကာ အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်သည်လည်း ပျက်စီး၏၊ အခြင်သည်လည်း ပျက်စီး၏၊ နံရံသည်လည်း ပျက်စီး၏၊ ဒါယကာ ဤအတူပင်လျှင် စိတ်ပျက်စီးလျှင် ကာယကံသည်လည်း ပျက်စီး၏၊ ဝစီကံသည်လည်း ပျက်စီး၏၊ မနောကံသည်လည်း ပျက်စီး၏၊ ကာယကံ ဝစီကံ မနော ကံပျက်စီးသူအား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်။

ဒါယကာ စိတ်မပျက်စီးလျှင် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး၊ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်း ဖြစ်နိုင်၏။ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏။ ဒါယကာ အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်သည်လည်း မပျက်စီး၊ အခြင်တို့သည်လည်း မပျက်စီးကုန်၊ နံရံသည်လည်း မပျက်စီး။ ဒါယကာ ဤအတူပင်လျှင် စိတ်မပျက်စီးလျှင် ကာယကံသည်လည်း မပျက်စီး၊ ဝစီကံသည်လည်း မပျက်စီး၊ မနောကံသည်လည်း မပျက်စီး၊ ကာယကံ ဝစီကံ မနောကံ မပျက်စီးသူအား ကောင်းသော သေခြင်းဖြစ်နိုင်၏၊ ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်၏”ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။