အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ကုသိနာရဝဂ်

၃-ဂေါတမကစေတိယသုတ်

၁၂၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် ဂေါတမကစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

“ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် သိ၍သာတရားကို ငါ ဟောကြား၏၊ မသိမူ၍ ငါ ဟောကြားသည် မဟုတ်။ ရဟန်းတို့ အကြောင်းရှိသော တရားကိုသာ ငါ ဟောကြား၏၊ အကြောင်းမရှိသော တရားကို ငါ ဟောကြားသည် မဟုတ်။ ရဟန်းတို့ ဆန့်ကျင်ဘက် (ရာဂစသည်) ကို ပယ်ခြင်း ‘ပြာဋိဟာ’ ရှိသော တရားကိုသာ ငါ ဟောကြား၏၊ ဆန့်ကျင်ဘက် (ရာဂစသည်) ကို ပယ်ခြင်း ‘ပြာဋိဟာ’ မရှိသော တရားကို ငါ ဟောကြားသည် မဟုတ်။ ရဟန်းတို့ ထူးသောဉာဏ်ဖြင့် သိ၍သာတရားကို ဟောကြား၍ မသိမူ၍ မဟောကြားသော၊ အကြောင်းရှိသော တရားကိုသာ ဟောကြားသည် ဖြစ်၍ အကြောင်းမရှိသော တရားကို မဟောကြားသော၊ ဆန့်ကျင်ဘက် (ရာဂစသည်) ကို ပယ်ခြင်း ‘ပြာဋိဟာ’ ရှိသော တရားကိုသာ ဟောကြား၍ ဆန့်ကျင်ဘက် (ရာဂစသည်) ကို ပယ်ခြင်း ‘ပြာဋိဟာ’ မရှိသော တရားကို မဟောကြားသော ငါသည် သွန်သင်၏၊ ဆုံးမ၏။ ရဟန်းတို့ မြတ်စွာဘုရားသည် (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ၏၊ တရားသည် ကောင်းစွာ ဟောအပ်သော တရားဖြစ်၏၊ သံဃာသည် ကောင်းစွာ့ကျင့်တော်မူ၏”ဟု သင်တို့ နှစ်သက်ထိုက်ပေသည်၊ ဝမ်းမြောက်ထိုက် ပေသည်၊ ရွှင်လန်းထိုက်ပေသည်။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူ သော တရားကို ဝမ်းမြောက်စွာ လက်ခံကုန်၏။ ဤစကားပြင်တရားကို ဟောတော်မူလတ်သော် တစ်ထောင်သော လောကဓာတ်သည် တုန်လှုပ်လေသတည်း။

တတိယသုတ်။