အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ကုသိနာရဝဂ်
၄-ဘရဏ္ဍုကာလာမသုတ်
၁၂၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူခဲ့ရာ ကပိလဝတ်ပြည်သို့ ရောက်တော်မူ၏။ “မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ရောက်လာသတတ်”ဟု မဟာနာမ်မည်သော သာကီဝင်မင်းကြားလတ်သော် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏။ တစ်ခုသော နေရာ၌ ထိုင်နေသော မဟာနာမ် သာကီဝင်မင်းအား မြတ်စွာဘုရားသည်—
မဟာနာမ် သွားချေ၊ ကပိလဝတ်ပြည်တွင် ယနေ့ တစ်ညဉ့်တာမျှတည်းခိုရန် လျောက်ပတ်သော နေရာကို ရှာချေလော့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ကပိလဝတ်ပြည်တွင်းသို့ဝင်၍ တစ်ပြည်လုံးအနှံ့အပြား လှည့်လည် (ရှာဖွေ) ပါသော်လည်း ကပိလဝတ်ပြည်တွင် ဤနေ့ တစ်ညဉ့်တာမျှ မြတ်စွာဘုရားတည်းခိုတော်မူရန် လျောက်ပတ်သော နေရာကို မတွေ့မြင်ချေ။
ထိုအခါ မဟာနာမ် သာကီဝင်မင်းသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြန်၍ မြတ်စွာဘုရားအား “အသျှင်ဘုရား ကပိလဝတ်ပြည်တွင် ယနေ့ တစ်ညဉ့်တာမျှ မြတ်စွာဘုရားတည်းခိုတော်မူရန် လျောက်ပတ်သော နေရာ မရှိပါ။ (သို့ရာတွင်) မြတ်စွာဘုရား၏ သီတင်းသုံးဖော်ဟောင်း ဖြစ်ခဲ့ဖူးသော ဘရဏ္ဍုကာလာမရသေ့၏ သင်္ခမ်းကျောင်း၌ ယနေ့ တစ်ညဉ့်တာမျှ သီတင်းသုံးတော်မူနိုင်ပါသည် အသျှင် ဘုရား”ဟု လျှောက်၏။ “မဟာနာမ် သွားချေ၊ နေရာအခင်းကို ခင်းချေလော့”ဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု မဟာနာမ် သာကီဝင်မင်းသည် မြတ်စွာဘုရားအား ဝန်ခံ၍ ဘရဏ္ဍု ကာလာမရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်ပြီးလျှင် နေရာအခင်းကို ခင်း၍ ခြေဆေးရေတို့ကို တည်ထားခဲ့ပြီးနောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြန်လျက် “အသျှင်ဘုရား နေရာအခင်းကိုလည်း ခင်းထားခဲ့ပြီးပါပြီ၊ ခြေဆေးရေတို့ကိုလည်း တည်ထားပြီးပါပြီ၊ ကြွတော်မူရန် အချိန်အခါကို မြတ်စွာဘုရား သာလျှင် သိတော်မူပါ၏ (ကြွတော်မူရန်မှာ မြတ်စွာဘုရား အလိုအတိုင်းပင်ဖြစ်ပါသည်)”ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ဘရဏ္ဍုကာလာမ ရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၍ ခြေတို့ကို ဆေးကြောတော်မူ၏၊ ထိုအခါ မဟာနာမ်သာကီဝင် မင်းအား “ယနေ့ မြတ်စွာဘုရားထံသို့ ဆည်းကပ်ရန် အခါမသင့်သေး၊ မြတ်စွာဘုရားသည် ပင်ပန်း တော်မူ၏၊ နက်ဖြန်မှ မြတ်စွာဘုရားထံသို့ ဆည်းကပ်တော့မည်”ဟု အကြံဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။ ထို ညဉ့် လွန်မြောက်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေသော မဟာနာမ်သာကီဝင်မင်းအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “မဟာနာမ် လောက၌ ဆရာသုံးမျိုးတို့သည် ထင်ရှားရှိကြကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ— မဟာနာမ် ဤလောက၌ အချို့သော ဆရာသည် ကာမတို့ကို လွန်မြောက်ခြင်း (ရူပါဝစရဈာန်) ကိုသာ ပညတ်နိုင်၏၊ ရုပ်တို့ကို လွန်မြောက်ခြင်း (အရူပါဝစရဈာန်) ကို မပညတ်နိုင်၊ ဝေဒနာတို့ကို လွန်မြောက်ခြင်း (နိဗ္ဗာန်) ကို မပညတ်နိုင်။ မဟာနာမ် ဤလောက၌ အချို့သော ဆရာသည် ကာမတို့ကို လွန်မြောက်ခြင်းကိုလည်း ပညတ်နိုင်၏၊ ရုပ်တို့ကို လွန်မြောက်ခြင်းကိုလည်း ပညတ်နိုင်၏၊ ဝေဒနာတို့ကို လွန်မြောက်ခြင်းကိုကား မပညတ်နိုင်။ မဟာနာမ် ဤလောက၌ အချို့သော ဆရာသည် ကာမတို့ကို လွန်မြောက်ခြင်းကိုလည်း ပညတ်နိုင်၏၊ ရုပ်တို့ကို လွန်မြောက်ခြင်းကိုလည်း ပညတ်နိုင်၏၊ ဝေဒနာတို့ကို လွန်မြောက်ခြင်းကိုလည်း ပညတ်နိုင်၏။ မဟာနာမ် လောက၌ ဤဆရာသုံးမျိုးတို့သည် ထင်ရှားရှိကြကုန်၏။
မဟာနာမ် ဤဆရာသုံးမျိုးတို့၏ ပြီးဆုံးရာ ဂတိသည် တူသလော၊ သို့မဟုတ် ထူးခြား ကွဲပြား သလောဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် ဘရဏ္ဍုကာလာမရသေ့သည် မဟာနာမ်သာကီဝင် မင်းအား “မဟာနာမ် တူ၏ဟု ဆိုလိုက်ပါလော့”ဟူ၍ ဆို၏။ ဤသို့ ဆိုသော် မြတ်စွာဘုရားသည် မဟာနာမ် သာကီဝင်မင်းကို “မဟာနာမ် ထူးခြား ကွဲပြားပါ၏”ဟု ဆိုလော့ဟူ၍ မိန့်တော်မူ၏။ နှစ်ကြိမ် မြောက်လည်း ဘရဏ္ဍုကာလာမရသေ့သည် မဟာနာမ်သာကီဝင်မင်းကို “မဟာနာမ် တူ၏ဟု ဆိုလိုက်ပါ လော့”ဟူ၍ ဆို၏။ နှစ်ကြိမ်မြောက်ပင် မြတ်စွာဘုရားသည် မဟာနာမ် သာကီဝင်မင်းကို “မဟာနာမ် ထူးခြား ကွဲပြားပါ၏ဟု ဆိုလော့”ဟူ၍ မိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း ဘရဏ္ဍုကာလာမ ရသေ့သည် မဟာနာမ် သာကီဝင်မင်းကို “မဟာနာမ်တူ၏ဟု ဆိုလိုက်ပါလော့”ဟူ၍ ဆို၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် မဟာနာမ် သာကီဝင်မင်းကို “မဟာနာမ် ထူးခြား ကွဲပြားပါ၏ဟု ဆိုလော့”ဟူ၍ မိန့်တော်မူ၏။
ထိုအခါ ဘရဏ္ဍုကာလာမရသေ့အား “တန်ခိုးကြီးသော မဟာနာမ် သာကီဝင်မင်း၏ မျက်မှောက်၌ ရဟန်းဂေါတမသည် သုံးကြိမ်တိုင်တိုင် ငါ့ကို မောင်းမဲဘိ၏၊ ငါသည် ကပိလဝတ်ပြည်မှ ဖဲခွါသွားရပါမူ ကောင်းပေလိမ့်မည်တကား”ဟု အကြံ ဖြစ်၏။ ထို့နောက် ဘရဏ္ဍုကာလာမရသေ့သည် တစ်ဖန် ပြန် မလာသော ဖဲခွါခြင်းဖြင့် ကပိလဝတ်ပြည်မှ ဖဲခွါ (ထွက်သွား) လေသတည်း။
စတုတ္ထသုတ်။