အင်္ဂုတ္တရနိကာယ်
၂-ရထကာရဝဂ်
၃-အာသံသသုတ်
၁၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဒွန်းစဏ္ဍားမျိုး၌သော်လည်းကောင်း၊ နှီး သမားမျိုး၌သော်လည်းကောင်း၊ မုဆိုးမျိုး၌သော်လည်းကောင်း၊ သားရေနယ်သမားမျိုး၌သော်လည်းကောင်း၊ ပန်းမှိုက်သွန်မျိုး၌သော်လည်းကောင်း အစားအစာ ရှားပါးသော ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးရသော ဆင်းရဲငြိုငြင်သဖြင့် အဝတ်အစားကို ရအပ်သော ဤယုတ်နိမ့်သော သူဆင်းရဲအမျိုး၌ ဖြစ်ရ၏။ ထိုသူသည် အဆင်းမလှ၊ ကြည့်ရှု၍ မကောင်း၊ ပုကွ၏၊ အနာရောဂါ များ၏၊ ကန်းမူလည်း ကန်း၏၊ ကောက်မူလည်း ကောက်၏၊ ခြေခွင်မူလည်း ခွင်၏၊ ကိုယ်အောက်ပိုင်းသေမူလည်း သေ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုမူလည်း မရရှိ။ ထိုသူသည် ဤမည်သော မင်းကို မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းအပ်သတတ်”ဟု ကြား၏။ ထိုသူ အား “အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် သွန်းကုန်အံ့နည်း”ဟု ဤသို့သော အကြံသည် မဖြစ်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ သားကြီးသည် အဘိသိက်သွန်းထိုက်၏၊ အဘိသိက်ကား မသွန်းရသေး၊ အရွယ်သို့ ရောက်ပြီးဖြစ်၏။ ထို မင်းသားသည် “ဤမည်သောမင်းကို မင်းမျိုးတို့က အဘိသိက်သွန်းခြင်းဖြင့် အဘိသိက် သွန်းအပ်သတတ်”ဟု ကြား၏။ ဤသို့ကြားသဖြင့် ထို မင်းသားအား “အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် သွန်းကုန်အံ့နည်း”ဟု ဤသို့သော အကြံသည် ဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ မင်းသည် ဦးထိပ်၌ အဘိသိက်သွန်းပြီးဖြစ်၍ ရေမြေသနင်း ပြည့်ရှင်မင်း ဖြစ်၏၊ ထို မင်းသည် “ဤမည်သော မင်းကို မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းအပ်သတတ်”ဟု ကြား၏။ ထို မင်းအား “အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက် သွန်းကုန်အံ့နည်း”ဟု ဤသို့သော အကြံသည် မဖြစ်။ ထိုသို့မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထို မင်းအား အဘိသိက်မသွန်းမီ ရှေးအခါက အဘိသိက်သွန်းခြင်း၌ ဖြစ်သော တောင့်တခြင်းသည် ငြိမ်းလေပြီးသောကြောင့်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်း ကင်းပြီးသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိ ကုန်၏။
ရဟန်းတို့ ဤအတူသာလျှင် ပုဂ္ဂိုလ်သုံးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ— တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊ ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ် သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့်ရှိသူမဟုတ်ဘဲ မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏၊ အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊ ဖြစ်ပေါ်သော ရာဂစသော အမှိုက်ရှိ၏။ ထိုပုဂ္ဂိုလ်သည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏”ဟု ကြား၏။ ဤသို့ ကြားသော်လည်း “အဘယ်အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း”ဟု ထိုရဟန်းအား ဤသို့ သော အကြံသည် မဖြစ်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏။ ထိုရဟန်းသည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ကြား၏။ ဤသို့ ကြားသဖြင့် “အဘယ် အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခု ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း”ဟု ထိုရဟန်းအား ဤသို့သော အကြံသည် ဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။
ရဟန်းတို့ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အာသဝေါကုန်ပြီးသော ရဟန္တာ ဖြစ်၏။ ထို ရဟန္တာသည် “ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင့်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏”ဟု ကြား၏။ ဤသို့ ကြားသော်လည်း “ငါသည်လည်း အဘယ်အခါ၌ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း”ဟု ထို ရဟန္တာအား ဤသို့သော အကြံသည် မဖြစ်။ ထိုသို့မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထို ရဟန္တာအား ကိလေသာမှ မလွတ်သေးမီ ရှေးအခါက ကိလေသာမှ လွတ်ခြင်း၌ ဖြစ်သော တောင့်တခြင်းသည် ငြိမ်းလေပြီးသောကြောင့်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။