အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ယောဓာဇီဝဝဂ်
၁-ယောဓာဇီဝသုတ်
၁၃၄။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော စစ်သူရဲကောင်းသည် မင်းအား ထိုက်၏၊ မင်းအသုံးတော်ခံဖြစ်၏၊ မင်း၏ လက်ရုံးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ စစ်သူရဲကောင်းသည် အဝေး၌လည်း (မြားကို) ကျရောက်စေနိုင်၏၊ မချွတ်မယွင်း စူးဝင်စေနိုင်၏၊ ကြီးစွာသော အထည်ကိုယ်ကိုလည်း ဖောက်ထွင်းစေနိုင်၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော စစ်သူရဲကောင်းသည် မင်းအား ထိုက်၏၊ မင်းအသုံးတော်ခံဖြစ်၏၊ မင်း၏ လက်ရုံးဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ လူအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေသဖွယ်ဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဝေး၌လည်း ကျရောက်စေနိုင်၏၊ မချွတ်မယွင်း စူးဝင်စေနိုင်၏၊ ကြီးစွာသော အထည်ကိုယ်ကိုလည်း ဖောက်ထွင်းစေနိုင်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဝေး၌ ကျရောက်စေနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပလည်းဖြစ်သော ကြမ်းတမ်း နူးညံ့သည်လည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်ဟူ သမျှ အားလုံးကို “ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ်မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော (ဝိပဿနာ,မဂ်) ပညာဖြင့် ရှု၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပလည်းဖြစ်သော ကြမ်းတမ်းနူးညံ့သည်လည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝေဒနာဟူသမျှအားလုံးကို “ဤဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ့ကိုယ်မဟုတ်”ဟုဟုတ်တိုင်း မှန်စွာမှန်ကန်သော (ဝိပဿနာ,မဂ်) ပညာဖြင့် ရှု၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပလည်း ဖြစ်သော ကြမ်းတမ်းနူးညံ့သည်လည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေးအနီးလည်းဖြစ်သော သညာဟူသမျှအားလုံးကို “ဤသညာသည် ငါ့ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ့ကိုယ်မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော (ဝိပဿနာ, မဂ်) ပညာဖြင့် ရှု၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော အတွင်း အပလည်းဖြစ်သော ကြမ်းတမ်း နူးညံ့သည်လည်းဖြစ်သော အယုတ် အမြတ်လည်း ဖြစ်သော အဝေး အနီးလည်းဖြစ်သော သင်္ခါရဟူသမျှ အားလုံးတို့ကို “ဤသင်္ခါရတို့သည် ငါ့ဥစ္စာ မဟုတ် ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ့ကိုယ်မဟုတ်ကုန်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော (ဝိပဿနာ, မဂ်) ပညာဖြင့် ရှု၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်း ဖြစ်သော အတွင်း အပလည်း ဖြစ်သော ကြမ်းတမ်း နူးညံ့သည်လည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝိညာဉ်ဟူသမျှအားလုံးကို “ဤဝိညာဉ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဉ်သည် ငါမဟုတ်၊ ဤဝိညာဉ်သည် ငါ့ကိုယ်မဟုတ်”ဟုဟုတ်တိုင်းမှန်စွာ မှန်ကန်သော (ဝိပဿနာ, မဂ်) ပညာဖြင့် ရှု၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဝေး၌ ကျရောက်စေနိုင်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မချွတ်မယွင်း စူးဝင်စေနိုင်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲ ဖြစ်ကြောင်းတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မချွတ်မယွင်း စူးဝင်စေနိုင်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကြီးစွာသော အထည်ကိုယ်ကို ဖောက်ထွင်းစေနိုင်သနည်း၊ ့ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကြီးစွာသော အဝိဇ္ဇာအစုကို ဖောက်ထွင်းစေနိုင်၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကြီးစွာသော အထည်ကိုယ်ကို ဖောက်ထွင်းစေနိုင်၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ လူအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေသဖွယ် ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။