အင်္ဂုတ္တရနိကာယ်

၅-စူဠဝဂ်

၉-ပဗ္ဗတရာဇသုတ်

၄၉။ ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အကိုင်း အခက် အရွက်ဖြင့် ကြီးပွါးကုန်၏၊ အခေါက် အပွေးဖြင့် ကြီးပွါးကုန်၏၊ အကာ အနှစ်ဖြင့် ကြီးပွါးကုန်၏၊ ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ဤကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသား အကြီးအကဲကို အမှီပြု၍ (သားမယားစသော) အိမ်သူအိမ်သား အပေါင်းသည် ကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါး၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ယုံကြည်ခြင်း ‘သဒ္ဓါတရား’ ဖြင့် ကြီးပွါး၏၊ အကျင့် ‘သီလ’ ဖြင့် ကြီးပွါး၏၊ အသိ ‘ပညာ’ ဖြင့် ကြီးပွါး၏။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသားအကြီးအကဲကို အမှီပြု၍ (သားမယားစသော) အိမ်သူအိမ်သား အပေါင်းသည် ဤကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါး၏ဟု (မိန့်တော်မူ၏)။

တောအုပ်ကြီးအတွင်း၌ ရှိသော ကျောက်တောင်ကြီးကို အမှီပြု၍ တောစိုး သစ်ပင်ကြီးတို့သည် ကြီးပွါးကုန်သကဲ့သို့၊ ထို့အတူသာလျှင် ဤလောက၌ သီလနှင့် ပြည့်စုံသော၊ သဒ္ဓါတရားရှိသော အမျိုးသား အကြီးအကဲကို အမှီပြု၍ သား မယားတို့သည်လည်းကောင်း၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင် သူတို့သည်လည်းကောင်း၊ ဆွေမျိုးအပေါင်းတို့သည်လည်းကောင်း၊ ထို သဒ္ဓါတရား နှင့် ပြည့်စုံသော အမျိုးကောင်းသားကို မှီ၍့အသက်မွေးကုန်သော သူတို့သည်လည်းကောင်း (သဒ္ဓါစသော သုံးပါးသော တရားတို့ဖြင့်) ကြီးပွါးကုန်၏။ မိမိအကျိုးကို မြော်မြင်တတ်ကုန်သော ထို ပညာရှိတို့သည် ထို သီလရှိသော သူ၏ သီလကိုလည်းကောင်း၊ စွန့်ကြဲခြင်းကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း မြင်ကုန်သည်ဖြစ်၍ အတုလိုက်ကာ ပြုကုန်၏။ ဤလောက၌ နှစ်သက်ခြင်းရှိကုန်သော ချမ်းသာကို လိုလားကုန်သော သူတို့သည် သုဂတိဘဝသို့ လားကြောင်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ရ၍ နတ်ပြည်၌ မွေ့လျော်ရကုန်၏။

နဝမသုတ်။