အင်္ဂုတ္တရနိကာယ်

(၆) ၁-ဗြာဟ္မဏဝဂ်

၂-ဒုတိယ ဒွေဗြာဟ္မဏသုတ်

၅၃။ ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကြကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့လည်း ရောက်ကြပါကုန်ပြီ။ ထို အကျွန်ုပ်တို့အား ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရပါ ကုန်သေး။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမတော်မူပါ”ဟု လျှောက်ထားကြကုန်၏။

ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကုန်၍ အိုမင်း ကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ ဤသတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် လောင်မြိုက်နေ၏။ ပုဏ္ဏားတို့ သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် ဤသို့ လောင်မြိုက်အပ်သည်ရှိသော် ဤမျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသို့ ပြောင်းသွားသူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင် အိုးခွက် စသော ပစ္စည်းကို ထုတ်ယူထား အပ်၏၊ ထို ထုတ်ယူထားအပ်သော အိုးခွက်စသော ပစ္စည်းသည်လည်းကောင်း၊ ထို အိမ်၌ အကြင် အကြင် ပစ္စည်းကို မီးမလောင်၊ ထို မီးမလောင်သော ပစ္စည်းသည်လည်းကောင်း အိမ်ရှင်၏ အကျိုးငှါ ဖြစ်၏။ ဤအတူပင် သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် စွဲလောင် အပ်၏၊ ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် ထုတ်ယူထားအပ်သည်သာတည်း၊ ပေးလှူအပ်ပြီးသော အလှူ’ဒါန’သည် ကောင်းစွာ ထုတ်ယူထားအပ် ပြီး မည်၏။ ဤမျက်မှောက်ဘဝ၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဉ်ရှင်နေစဉ် ကောင်းမှုကို ပြုခြင်းသည်လည်းကောင်း တမလွန်ဘဝသို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။

ဒုတိယသုတ်။