အင်္ဂုတ္တရနိကာယ်
(၁၁) ၁-ဝလာဟကဝဂ်
၈-ဗလီဗဒ္ဓသုတ်
၁ဝ၈။ ရဟန်းတို့ နွားလားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မိမိ နွားအုပ်၌သာ ကြမ်းတမ်းလျက် အခြားနွားအုပ်၌ မကြမ်းတမ်းသော နွားလား၊ အခြားနွားအုပ်၌သာ ကြမ်းတမ်းလျက် မိမိနွားအုပ်၌ မကြမ်းတမ်းသော နွားလား၊ မိမိနွားအုပ်၌လည်း ကြမ်းတမ်း အခြား နွားအုပ်၌လည်း ကြမ်းတမ်းသော နွားလား၊ မိမိနွားအုပ်၌လည်း မကြမ်းတမ်း အခြားနွားအုပ်၌လည်း မကြမ်းတမ်းသော နွားလားတို့တည်း။ ရဟန်းတို့ နွားလားတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် နွားလားနှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— မိမိအုပ်စု၌သာ ကြမ်းတမ်းလျက် အခြားအုပ်စု၌ မကြမ်းတမ်းသော ပုဂ္ဂိုလ်၊ အခြားအုပ်စု၌သာ ကြမ်းတမ်းလျက် မိမိအုပ်စု၌ မကြမ်းတမ်းသော ပုဂ္ဂိုလ်၊ မိမိအုပ်စု၌လည်း ကြမ်းတမ်း အခြားအုပ်စု၌လည်း ကြမ်းတမ်းသော ပုဂ္ဂိုလ်၊ မိမိအုပ်စု၌လည်း မကြမ်းတမ်း အခြားအုပ်စု၌လည်း မကြမ်းတမ်းသော ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအုပ်စု၌သာ ကြမ်းတမ်းလျက် အခြားအုပ်စု၌ မကြမ်း တမ်းသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိပရိသတ်ကိုသာ ထိတ်လန့်စေတတ်၏၊ သူတစ်ပါး ပရိသတ်ကို မထိတ်လန့်စေတတ်။ ရဟန်းတို့ ဤသို့လျှင် မိမိ အုပ်စု၌သာ ကြမ်းတမ်းလျက် အခြားအုပ်စု၌ မကြမ်းတမ်းသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို နွားလားသည် မိမိနွားအုပ်၌ ကြမ်းတမ်းလျက် အခြားနွားအုပ်၌ မကြမ်းတမ်းသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို နွားလားနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အခြားအုပ်စု၌သာ ကြမ်းတမ်းလျက် မိမိအုပ်စု၌ မကြမ်း တမ်းသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အခြား ပရိသတ်ကို ထိတ်လန့်စေတတ်၏၊ မိမိပရိသတ်ကို မထိတ်လန့်စေတတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အခြားအုပ်စု၌သာ ကြမ်းတမ်းလျက် မိမိအုပ်စု၌ မကြမ်းတမ်းသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို နွားလားသည် အခြားနွားအုပ်၌သာ ကြမ်းတမ်းလျက် မိမိနွားအုပ်၌ မကြမ်းတမ်းသကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို နွားလားနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအုပ်စု၌လည်း ကြမ်းတမ်း အခြားအုပ်စု၌လည်း ကြမ်းတမ်းသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ ပရိသတ်ကိုလည်း ထိတ်လန့်စေတတ်၏၊ အခြားပရိသတ်ကိုလည်း ထိတ်လန့်စေတတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအုပ်စု၌လည်း ကြမ်းတမ်း၍ အခြားအုပ်စု၌လည်း ကြမ်းတမ်းသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို နွားလားသည် မိမိနွားအုပ်၌လည်း ကြမ်းတမ်း အခြားနွားအုပ်၌လည်း ကြမ်းတမ်း သကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို နွားလားနှင့် တူ၏ဟု ငါဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအုပ်စု၌လည်း မကြမ်းတမ်း အခြားအုပ်စု၌လည်း မကြမ်းတမ်းသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ ပရိသတ်ကိုလည်း မထိတ်လန့်စေတတ်၊ အခြားပရိသတ်ကိုလည်း မထိတ်လန့်စေတတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအုပ်စု၌လည်း မကြမ်းတမ်း အခြားအုပ်စု၌လည်း မကြမ်းတမ်းသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို နွားလားသည် မိမိနွားအုပ်၌လည်း မကြမ်းတမ်း အခြားနွားအုပ်၌လည်း မကြမ်း့တမ်းသကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို နွားလားနှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ နွားလားနှင့် တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။