အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဝလာဟကဝဂ်

၇-မူသိကသုတ်

၁ဝ၇။ ရဟန်းတို့ ကြွက်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— တွင်းသာ ဖောက်၍ မအောင်းသော ကြွက်၊ အောင်းသာအောင်း၍ တွင်းမဖောက်သော ကြွက်၊ တွင်းလည်း မဖောက် အောင်းလည်းမအောင်းသော ကြွက်၊ တွင်းလည်းဖောက် အောင်းလည်းအောင်းသော ကြွက်တို့တည်း။ ရဟန်းတို့ ကြွက်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— တွင်းသာဖောက်၍ မအောင်းသော ပုဂ္ဂိုလ်၊ အောင်းသာအောင်း၍ တွင်းမဖောက်သော ပုဂ္ဂိုလ်၊ တွင်းလည်းမဖောက် အောင်းလည်းမအောင်းသော ပုဂ္ဂိုလ်၊ တွင်းလည်းဖောက် အောင်းလည်းအောင်းသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းသာဖောက်၍ မအောင်းသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို သင်ကြား၏၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်း မှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်း မှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တွင်းသာဖောက်၍ မအောင်းသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို ကြွက်သည် တွင်းသာဖောက်၍ မအောင်းသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောင်းသာအောင်း၍ တွင်းမဖောက်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို မသင်ကြား၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အောင်းသာအောင်း၍ တွင်းမဖောက်သော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို ကြွက်သည် အောင်းသာအောင်း၍ တွင်းမဖောက်သကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းမဖောက် အောင်းလည်းမအောင်းသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို မသင်ကြား၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်း မှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက် ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်း မှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်း မဖောက် အောင်းလည်း မအောင်းသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို ကြွက်သည် တွင်းလည်းမဖောက် အောင်းလည်း မအောင်းသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းဖောက် အောင်းလည်း အောင်းသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို သင်ကြား၏၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်း ဖောက် အောင်းလည်းအောင်းသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို ကြွက်သည် တွင်းလည်းဖောက့်အောင်းလည်းအောင်းသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို ကြွက်နှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ ကြွက်နှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။