အင်္ဂုတ္တရနိကာယ်
(၁၂) ၂-ကေသိဝဂ်
၈-သံဝေဇနိယသုတ်
၁၁၈။ ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသား၏ ကြည့်ရှုဖူးမြော်သင့်သည့် သံဝေဂ ဖြစ်စေတတ်သော အရပ်တို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ “ဤအရပ်၌ မြတ်စွာဘုရား ဖွားမြင်၏”ဟု သဒ္ဓါတရားရှိသော အမျိုးကောင်းသား၏ ကြည့်ရှု ဖူးမြော်သင့်သည့် သံဝေဂဉာဏ်ဖြစ်စေတတ်သော အရပ်၊ ရဟန်းတို့ “ဤအရပ်၌ မြတ်စွာဘုရားသည် အတုမရှိသော (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဟူသော) သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိ၏”ဟု သဒ္ဓါတရား ရှိသော အမျိုးကောင်းသား၏ ကြည့်ရှုဖူးမြော်သင့်သည့် သံဝေဂဉာဏ်ဖြစ်စေတတ်သော အရပ်၊ ရဟန်းတို့ “ဤအရပ်၌ မြတ်စွာဘုရားသည် အတုမရှိသော ဓမ္မစကြာတရားကို ဟောတော်မူ၏”ဟု သဒ္ဓါတရား ရှိသော အမျိုးကောင်းသား၏ ကြည့်ရှုဖူးမြော်သင့်သည့် သံဝေဂဉာဏ် ဖြစ်စေတတ်သောအရပ်၊ ရဟန်းတို့ “ဤအရပ်၌ မြတ်စွာဘုရားသည် (ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်) အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူ၏”ဟု သဒ္ဓါတရားရှိသော အမျိုးကောင်းသား၏ ကြည့်ရှုဖူးမြော်သင့်သည့် သံဝေဂဉာဏ် ဖြစ်စေတတ်သော အရပ်တို့တည်း။ ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသား၏ ကြည့်ရှုဖူး မြော်သင့်သည့် သံဝေဂဉာဏ်ဖြစ်စေတတ်သော အရပ်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။