အင်္ဂုတ္တရနိကာယ်
(၁၂) ၂-ကေသိဝဂ်
၇-အာရက္ခသုတ်
၁၁၇။ ရဟန်းတို့ အရာလေးမျိုးတို့၌ မိမိအကျိုးစီးပွါးကို အလိုရှိသူသည် မမေ့မလျော့ခြင်း အောက်မေ့ခြင်းဟူသော စိတ်၏ အစောင့်အရှောက်ကို ပြုအပ်၏။ အဘယ်လေးမျိုးတို့၌နည်းဟူမူ— “တပ်မက်ကြောင်းတရားတို့၌ ငါ၏ စိတ်သည် မတပ်မက်စေလင့်”ဟု မိမိအကျိုးစီးပွါးကို အလိုရှိသူသည် မမေ့မလျော့ခြင်း အောက်မေ့ခြင်းဟူသော စိတ်၏ အစောင့်အရှောက်ကို ပြုအပ်၏၊ “အမျက်ထွက်ကြောင်းတရားတို့၌ ငါ၏ စိတ်သည် အမျက်မထွက်စေလင့်”ဟု မိမိအကျိုးစီးပွါးကို အလိုရှိသူသည် မမေ့ မလျော့ခြင်း အောက်မေ့ခြင်းဟူသော စိတ်၏အစောင့်အရှောက်ကို ပြုအပ်၏၊ “တွေဝေကြောင်းတရားတို့၌့ငါ၏ စိတ်သည် မတွေဝေစေလင့်”ဟု မိမိအကျိုးစီးပွါးကို အလိုရှိသူသည် မမေ့မလျော့ခြင်း အောက် မေ့ခြင်းဟူသော စိတ်၏ အစောင့်အရှောက်ကို ပြုအပ်၏၊ “မာန်ယစ်ကြောင်းတရားတို့၌ ငါ၏ စိတ်သည် မာန်မယစ်ပါစေလင့်”ဟု မိမိအကျိုးစီးပွါးကို အလိုရှိသူသည် မမေ့မလျော့ခြင်း အောက်မေ့ခြင်းဟူသော စိတ်၏ အစောင့်အရှောက်ကို ပြုအပ်၏၊
ရဟန်းတို့ အကြင် အခါ၌ ရဟန်း၏ စိတ်သည် တပ်မက်ခြင်း ကင်းပြီးသောကြောင့် တပ်မက်ဖွယ်တရားတို့၌ မတပ်မက်၊ စိတ်သည် အမျက်ထွက်ခြင်း ကင်းပြီးသောကြောင့် အမျက်ထွက်ဖွယ်တရားတို့၌ အမျက်မထွက်၊ စိတ်သည် တွေဝေခြင်း ကင်းပြီးသောကြောင့် တွေဝေဖွယ်တရားတို့၌ မတွေဝေ၊ စိတ်သည် မာန်ယစ်ခြင်း ကင်းပြီးသောကြောင့် မာန်ယစ်ဖွယ်တရားတို့၌ မာန်မယစ်။ (ထိုအခါ၌) ထို (ရဟန္တာ ဖြစ်သော) ရဟန်းသည် ကိုယ်ခက်တရော်မရှိ၊ မတုန်လှုပ်၊ မချောက်ချား၊ ထိတ်လန့်ခြင်းသို့ မရောက်၊ (အခြား) ရဟန်းတို့၏ စကားဟူသော အကြောင်းကြောင့်လည်း (အယူတစ်ပါးသို့) မလိုက်တော့ချေဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။